Wednesday, May 22, 2013

EITI အဖွဲ့ဝင်ဖြစ်လာရန် မြန်မာနိုင်ငံ ၆၀ ရာခိုင်နှုန်းလုပ်ဆောင်ပြီးစီး

မြန်မာနိုင်ငံအနေဖြင့် EITI (Extractive Industries Transparency Initiative) အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာရန် ၆၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးဖြစ်ကြောင်း EITI ၏ မြန်မာနိုင်ငံဆိုင်ရာ အတွင်းဝန်ရုံးမှ သုတေသနနှင့် နည်းပညာညှိနှိုင်းရေးမှူး ဦးမင်းဇာနည်က ပြောကြားခဲ့သည်။

EITI အဖွဲ့ဝင်ဖြစ်ပါက အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများ လုပ်ငန်းစဉ်များဆောင်ရွက်နေမှုနှင့် ပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှု၊ အကျင့်ပျက်ခြစားမှုဖြစ်စဉ်များ ပေါ်လွင်လာနိုင်စေမည့်အပြင် နိုင်ငံတကာ အသိ မှတ်ပြု ပွင့်လင်းမြင်သာရေး စံချိန်စံညွန်းအတိုင်း လုပ်ဆောင်နေကြောင်းကိုလည်း ပြသလာနိုင်မည်ဖြစ်ကြောင်း EITI ကကြေညာထားသည်။

လက်ရှိ ပြည်တွင်းရှိ ကုမ္ပဏီများအနေဖြင့် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီတင်ပြ အစီရင်ခံ နေရသည့်အတွက် ကုမ္ပဏီများ အားလုံး တန်းတူရည်တူအနေအထားဖြင့် လုပ်ငန်းများ ယှဉ်ပြိုင်လာနိုင် မည်ဖြစ်ကြောင်းသိရ သည်။ မြန်မာနိုင်ငံအနေဖြင့် EITI အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရန် သတ်မှတ်ထားသည့် အချက်ငါးချက် အနက် လက်ရှိ အချိန်တွင် အချက် သုံးချက် လုပ်ဆောင်ပြီးဖြစ်ကြောင်း EITI ၏ မြန်မာနိုင်ငံဆိုင်ရာ အတွင်းဝန်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါအချက်များမှာ EITI အဖွဲ့ဝင်ဖြစ်ရန် ဆန္ဒရှိကြောင်း အများပြည်သူသိရှိနိုင်စေရန် ကြေညာခြင်း၊ သယံဇာတ တူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေး ဆောင်ရွက်ရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်ရန် သဘောတူညီမှုပြုလုပ်ခြင်းနှင့် အစိုးရမှ EITI ဖော်ဆောင်ရေးတွင် ဦးဆောင်လုပ်ကိုင်မည့် အဆင့်မြင့် အရာရှိများ ခန့်ထားခြင်း စသည်တို့ကို လုပ်ဆောင်ပြီးဖြစ် ကြောင်း ဦးမင်းဇာနည်မှ ပြောကြားခဲ့သည်။

သို့သော် အစိုးရအနေဖြင့် EITI ဖော်ဆောင်ရေးကိစ္စအား  ကြီးကြပ်မည့်သူများပါဝင်မည့် ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်း ရန်နှင့် ပါဝင်ပတ်သတ်သူများနှင့် တိုင်ပင်၍ တိကျသည့် မူဝါဒများချမှတ်ရန် စသည့်အချက်များ လိုအပ်နေသေးကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

EITI အဖွဲ့ဝင် ဖြစ်လာနိုင်ရန်အတွက် အစိုးရနှင့် အရပ်ဘက်အဖွဲ့စည်းများ ပူးပေါင်းကာ ကျန်ရှိသေးသည့် အချက်များအတွက်  တက်ညီလက်ညီဆောင်ရွက်နိုင်မှသာလျှင် အောင်မြင်နိုင်မည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် မြန်မာ့အစိမ်းရောင်ကွန်ရက်ဥက္ကဋ္ဌ ဒေါ်ဒေဝီသန့်စင် ကပြောကြားခဲ့သည်။

ထို့ပြင် အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ ပူးပေါင်းကာ ပြည်တွင်းသယံဇာတ တူးဖော်ခြင်းလုပ်ငန်းများ၏ ဘဏ္ဍာရေးရှင်းတမ်းများ ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ဘဏ္ဍာရေးနှင့်    အခွန်ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး    ဦးဝင်းရှိန်၊    သတ္တုတွင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်အောင်နှင့် EITI ၏မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်များနှင့် လူထုအခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ သည် သြစတေးလျနိုင်ငံတွင် ကျင်းပမည့် Mining for Development ညီလာခံနှင့် ခြောက်ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ Extractive Industries Transparency Initiative ( EITI ) ညီလာခံတက်ရောက်ရန် မေလ ၁၈ ရက်နေ့က သြစတေးလျ နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment