Monday, April 29, 2013

တိုက်ပွဲဖြစ်ပွားနေမှုများကို ရပ်တန့်ပေးရန် SSPP/SSA နှင့် SNLD တောင်းဆို



               အစိုးရ၏ တပ်မတော်မှ စစ်အင်အားတိုးချဲ့ကာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များထိန်းချုပ်ရာ နယ်မြေဒေသများသို့ ဝင်ရောက်လျက်ရှိနေသည့်အတွက် တိုက်ပွဲများဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မ တော် (SSPP/SSA) နှင့်ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် (SLND) တို့မှ ဧပြီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သော ဝမ်ဟိုင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။
 
                          အဆိုပါကြေညာချက်တွင် နိုင်ငံတော်အစိုးရမှ ပြည်တွင်းငြိမ်းချမ်းရေးရရှိနိုင်စေရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်နေသော်လည်း အစိုးရတပ်မတော်မှ တပ်အင်အားတိုးချဲ့၍ တိုင်းရင်းသားအဖွဲ့များ ထိန်းချုပ်ဒေသများသို့ ဝင်ရောက်
 နေသည့်အတွက် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် တပ်မတော်အနေဖြင့် စစ်အင်အားတိုးချဲ့၍ တိုင်းရင်း သားအဖွဲ့များ ထိန်းချုပ်ရာနယ်မြေများသို့ ဝင်ရောက်နေမှုကို အမြန်ဆုံးရပ်တန့်ပေးရန် အဆို ပါကြေညာ ချက်တွင် 
 တောင်းဆိုထားကြောင်း သိရသည်။ 

                      ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများတွင် အင်အားသုံးဖြေရှင်းသည့် လမ်းစဉ်ကိုဖျက်သိမ်းကာ နိုင်ငံရေးစားပွဲဝိုင်းတွင် ဆွေးနွေးအဖြေရှာပါက ရေရှည်တည်တံခိုင်မာသည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်မှ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းမှာ အမျိုးသား
 ပြန်လည်သင့်မြတ်ရေး        ၊တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကိုအထောက်အကူပြု ဖြစ်စေနိုင်သည့်အတွက်ကျန်ရှိနိုင်ငံရေး
အ ကျဉ်းသားများထပ်မံလွှတ်ပေးရန် တောင်းဆိုကြောင်း သိရသည်။

                    လက်ရှိအချိန်တွင် ရှမ်းပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲထားသောအဖွဲ့များနှင့် တပ်မတော်တို့အကြား မကြာခဏ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေမှုကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များပိုမိုများပြားလာပြီး တပ်မတော်ဘက်မှ စစ်ရေး အရှိန်မြှင့်လာနိုင်သည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိကြောင်း ရှမ်းပြည်နယ် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော်(SSPP/SSA)ဝမ်ဟိုင်းဌာနချုပ်မှ အမည်မဖော်လိုသူ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

                  SSPP/SSA ၊ RCSS/SSA နှင့်တပ်မတော်ကြား  တိုက်ပွဲများဖြစ်ပွားနေခြင်းကို သမ္မတထံ စာရေးသားပေးပို့ ထားသော်လည်း အကြောင်းပြန်ကြားခြင်းမရှိသည့်အပြင် ထိုကဲ့သို့ တိုက်ပွဲ များဆက်လက်ဖြစ်ပွားနေခြင်းကို ဖြေရှင်းရန် နိုင်ငံရေး
စားပွဲဝိုင်းတွင် တွေ့ဆုံညှိနှိုင်းကာ အဖြေရှာရမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး
က ပြောကြားခဲ့သည်။

                  အစိုးရ တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီးဖြစ်သည့် SSPP/SSA တပ်များအကြား ၂၀၁၃ ခုနှစ် မတ်လ ၂၈ ရက်နှင့် ဧပြီလ ၁၅ ရက်နေ့များတွင် တန့်ယန်းမြို့နယ်အတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး ယခုကဲ့သို့ တိုက်ပွဲများဖြစ်ပွားနေမှုများနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့သော်လည်း ကာကွယ်ရေးဝန်ကြီး ဌာနမှ တစ်စုံတစ်ရာထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း သိရသည်။

No comments:

Post a Comment