Saturday, May 11, 2013

နိုင်ငံရေးအကျဉ်းသားများကို အလုံးစုံလွတ်ငြိမ်းချမ်းသာခွင့်ပေးရန်လိုအပ်

ကျင့်ထုံး ပုဒ်မ ၄၀၁ (၁)ဖြင့် ခံဝန်ပြုလုပ်၍နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့်အစား အလုံးစုံ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်  လိုအပ်ကြောင်း  နိုင်ငံရေးအကျဉ်းသားများနှင့်  ဥပဒေပညာရှင်များကထောက်ပြ   တောင်းဆို
ခဲ့ကြောင်း သိရှိရသည်။

စစ်အစိုးရရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၁၂ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်ပုဒ်မ ၄၅၅ တွင်အစိုးရအဖွဲ့ဝင်ဟောင်းများအပေါ် တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိရဟု အတိအကျပြဋ္ဌာန်းထားရာ၊ အစိုးရ အနေဖြင့် ၎င်းတို့ဆောင်ရွက်ချက်များကို နောက်ကြောင်းပြန်အရေးယူမှု မရှိစေရန်သတ်မှတ်ထားသော်လည်း နိုင်ငံရေး အကျဉ်းသားများကိုမူ မမျှတသောတရားစီရင်မှုဖြင့် တစ်ဖက်သတ်အရေးယူခဲ့သည့်ပြစ်ဒဏ်များအတွက် နောက်ကြောင်းပြန်
ထောင်ဒဏ်  ကျခံစေရန်  ရေးဆွဲ ထားခြင်းမှာ  ဒီမိုကရေစီစနစ် ကျင့်သုံးနေသော  အစိုးရအဖွဲ့၏  တရားစီရင်ရေးဆိုင်ရာ
ဖြောင့်မတ်မှန်ကန်မှုကို မေးခွန်းထုတ်စရာဖြစ်နေကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ဥပဒေပညာရှင်များက ပြောဆို
ခဲ့ကြသည်။

နိုင်ငံရေးအကျဉ်းသားအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောင်လာပြီးနောက်တွင် ပြစ်မှုတစ်ခုခုကျုးလွန် ခဲ့ပါက ကျန်ရှိနေသေးသော ပြစ်ဒဏ်များကိုပါထည့်ပေါင်းကာ ကျခံရသောကြောင့် ယခုကဲ့သို့ လွတ်ငြိမ်း ချမ်းသာခွင့်ပေးခြင်းမျိုးမှာ မျှတမှုမရှိကြောင်း ဥပဒေပညာရှင်များက ပြောကြားခဲ့သည်။

ယခုရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသားဟောင်း    တစ်ဦးဖြစ်သူ  ဦးနေမျိုးဇင်သည်  အမှုတစ်ခုအတွက် ငွေဒဏ်
မဆောင်ဘဲ ထောင်ဒဏ်ကျခံရန် ရွေးချယ်ခဲ့ရာတွင် လွတ်ငြိမ်းချမ်းသာခွင့်ရရှိစဉ်က ကျန်ရှိခဲ့သော ထောင်ဒဏ် ၆ နှစ်ကျော် ကျခံစေရန် တရားရုံးမှ အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

နိုင်ငံရေးအကျဉ်းသားများသည် ဥပဒေကျင့်ထုံး ၄၀၁ (၁) နှင့်လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သောကြောင့် ဥပဒေအရ ထောင်ဒဏ်အကြွေးများ ကျန်ရှိနေကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားများကို အလုံးစုံလွတ်ငြိမ်း ချမ်းသာခွင့်ပေးသင့်ပြီး သမ္မတကြီးအနေဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့သော နိုင်ငံရေးအကျဉ်းသားများ၏ ကြွေးကျန် ထောင်ဒဏ်များကို ပယ်ဖျက်ပေးသင့်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့် ပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက်ပါ ၀င်ရောက်   လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ လွှတ်ပေးခဲ့ခြင်းဖြစ်သော်
လည်း ယင်းကဲ့သို့ကြွေးကျန်ထောင်ဒဏ်များရှိနေပါက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေနိုင်သည်ဟု သုံးသပ်မှုများရှိနေကြောင်း သိရှိရသည်။

No comments:

Post a Comment