Saturday, May 11, 2013

အစိုးရနှင့် SSPP/SSA တို့ကြား သဘောတူညီချက်ရထားသည့်အတိုင်း လိုက်နာကျင့်သုံးရန်လို

အစိုးရနှင့် SSPP/SSA တပ်များကြားမှ တင်းမာမှုများကို လျှော့ချရန်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင်  ကျင်းပသော ဆွေးနွေးပွဲ၌  သဘောတူညီမှုများ ရရှိခဲ့ပြီး ယင်းသဘော တူညီချက်များ အတိုင်း  နှစ်ဖက်
တပ်များအနေဖြင့် အမှန်တကယ် လိုက်နာကျင့်သုံးရန် လိုအပ်ကြောင်း SSPP/SSA ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းေ ရးဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးသိန်းဇော်
ခေါင်းဆောင်သည့် အဖွဲ့နှင့် SSPP/SSA တို့သည် ထာဝရငြိမ်းချမ်းရေးသို့ချီတက်ရန်၊ နှစ်ဖက်တပ်များ ယုံကြည်မှုတည်ဆောက်ရန်နှင့် ဒုက္ခသည်အဖြစ် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသော ဒေသခံများ စိုက်ပျိုးရာသီအမီ လုပ်ငန်းပြန်လည်လုပ်ကိုင်နိုင်ရန်စသည်တို့ကို အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် သဘောတူညီချက်ရရှိကြသည့်အတိုင်း နှစ်ဘက်တပ်များက လိုက်နာကျင့်သုံးရန် လိုလားပါကြောင်း၊ ယခင်ကဆိုလျှင် သဘောတူ ညီချက်များ ရသော်လည်း အမှန်တကယ် လိုက်နာဆောင်ရွက်ခြင်းမရှိသည့် အတွက် ပြဿနာ ပြန်တက်ရခြင်း ဖြစ်ကြောင်း ဗိုလ်မှူးစိုင်းလက ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထိပ်တန်းအရာရှိကြီးများ၊ တိုင်းမှူးများနှင့် တပ်မတော်မှ အရာရှိများလည်း ပါဝင်ဆွေးနွေးခဲ့ကြသည်။

 ထိုသို့ဆွေးနွေးကြအပြီးတွင်  နှစ်ဖက်အဖွဲ့များသည်  စစ်ပြေးဒုက္ခသည်စခန်းများဆီသို့  သွားရောက်ထောက်ပံ့မှုများ
ပေးခဲ့ကြသည်။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA နှင့် အစိုးရအဖွဲ့တို့သည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလအတွင်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ရခဲ့သော်လည်း ယခုရက်ပိုင်းများတွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ် မှုများ ပြန်လည်ဖြစ်ပေါ်ခဲ့ကြသည်။

ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့သည် ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနှင့် လည်း မေလ တတိယအပတ်တွင် မြစ်ကြီးနား၊ မနောကွင်း၌ ဆွေးနွေးပွဲထပ်မံပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment