Saturday, May 11, 2013

မြန်မာဓာတ်ငွေ့တင်ပို့မှု စံချိန်တင်

(Natural Gas Asia မှ 9 May 2013 ရက်စွဲပါ “Myanmar Gas Exports hit record”သတင်းကို ဘာသာပြန်ဆိုသည်)
Photo credit by www.oilseedcrops.org

မြန်မာနိုင်ငံ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ဓာတ်ငွေ့တင်ပို့ရောင်းချမှုသည် စုစုပေါင်းဝင်ငွေ ဒေါ်လာ ၃.၇ ဘီလီယံဖြင့် စံချိန်တင်လိုက်ပြီဖြစ်သည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ဓာတ်ငွေ့ရောင်းချရမှု တန်ဘိုးမှာ ဒေါ်လာ ၃.၅ ဘီလီယံရှိခဲ့သည်။ ၂ နှစ်ပေါင်း ဝင်ငွေ ဒေါ်လာ ၇.၂ ဘီလီယံ ရရှိမှုကြောင့် သဘာဝဓာတ်ငွေ့သည် မြန်မာနိုင်ငံ၏ ထိပ်တန်းပို့ကုန် ဖြစ်သွားပြီဟု ပြည်တွင်း မီဒီယာက ဆိုပါသည်။
မြန်မာနိုင်ငံသည် ယခုအခါ ကမ္ဘာတွင် ဒဿမမြောက် ဓာတ်ငွေ့အများဆုံးတင်ပို့ရောင်းချသော နိုင်ငံအဖြစ် ရပ်တည်လျှက် ရှိသည်။ လက်ရှိတွင် ထွက်ရှိနေသော သဘာဝဓာတ်ငွေ့အများစုကို ထိုင်းနိုင်ငံသို့ရောင်းချလျှက်ရှိပြီး တစ် ရက်လျှင် ဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၄၃၀ ခန့် တင်ပို့နေသည်ဟု တရားဝင်သတင်းများက ဆိုပါသည်။
အဆိုပါသဘာဝဓာတ်ငွေ့များကို နိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတမ်းရှိ ရတနာနှင့် ရဲတံခွန်ဓာတ်ငွေ့စီမံကိန်းများမှ အဓိက ထွက်ရှိနေခြင်းဖြစ်သည်။
ယခုနှစ်ကုန်တွင် ရွှေနှင့် ဇောတိက ဓာတ်ငွေ့စီမံကိန်းများမှ ဓာတ်ငွေ့များစတင် တင်ပို့သည့်အချိန်တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ဓာတ်ငွေ့တင်ပို့ရောင်းချမှု ပိုမိုတိုးမြင့်လာသည်ဟု သိရှိရသည်။
ယခုကဲ့သို့ ဓာတ်ငွေ့ရောင်းချသည့်ဝင်ငွေ စံချိန်တင်မြင့်တက်လာချိန်နှင့် အရပ်ဖက်အစိုးရ ပွင့်လင်းမြင်သာမှု ရှိလာ ချိန်တို့ တိုက်ဆိုင်နေခြင်းသည် မြန်မာနိုင်ငံအတွက် ကံကောင်းခြင်းလက်ဆောင်တစ်ခုဖြစ်သည်ဟု ရန်ကုန်မြို့မှ အကဲခတ် သူများက မှတ်ချက်ပေးကြသည်။
ယခင်တပ်မတော်အစိုးရလက်ထက်ကမူ အာဏာရှင်အကြီးအကဲ၏ သဘောတစ်ခုတည်းဖြင့် ယင်းဝင်ငွေများကို စိတ်တိုင်း ကျ စီမံခန့်ခွဲခဲ့ပြီး နိုင်ငံနှင့် ပြည်သူတို့ထံ ထုတ်ပြန်အသိပေးခြင်း မရှိခဲ့ပေ။

No comments:

Post a Comment