Wednesday, May 22, 2013

ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်နှင့် စိန်ခေါ်မှုများကို အိုဘားမားနှင့် ဦးသိန်းစိန် ဆွေးနွေးမည်

(VOA သတင်းဌာနမှ 18 May 2013 ရက်စွဲပါ Obama, Burmese President to Discuss Reform Progress, Challenges ကိုဘာသာပြန်ဆိုသည်)

                                                                    Photo Credit By Online
အမေရိကန်ပြည်ထောင်စု သမ္မတအိုဘားမားနှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ တနင်္လာနေ့တွင် အိမ်ဖြူတော်၌ တွေ့ဆုံ
ကာ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် စိန်ခေါ်မှုများကို ဆွေးနွေးကြမည်ဖြစ်ကြောင်းသိရသည်

ထိုသို့ဆွေးနွေးရာတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် အဆင့်ဆင့်နှင့် တိုးတက်ဖွံ့ဖြိုးမှုများ၊ ဒီမိုကရေစီ ဆက်လက်ဖော်ဆောင်ရာတွင် တွေ့ကြုံရမည့် အဟန့်အတားများ၊ နှစ်နိုင်ငံဆက်ဆံရေးတွင် အမေရိကန်ပြည်ထောင်စုမှ ပြောင်းလဲ
မည့်ကိစ္စများ အစရှိသည်တို့ကို အလေးပေးသွားမည်ဖြစ်သည်။

သမ္မတအိုဘားမားသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့လာရောက်ခဲ့ရာ အဆိုပါခရီးစဉ်ကြောင့် မြန်မာပြည်သို့ ပထမဆုံးလာရောက်သည့် အမေရိကန်သမ္မတဖြစ်လာခဲ့သည်။ ထိုခရီးစဉ်တွင် ၎င်းအနေဖြင့် မြန်မာနိုင်ငံတွင် အရေးပါသော ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လျက်ရှိသည့် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့ပြင် အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ခဲ့ဖူးသည့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းတွေ့ဆုံခဲ့သည်။

၁၉၉၉ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးအကြီးအကဲတာဝန်ယူခဲ့ဖူးသူ အငြိမ်းစားသံတမန် Priscilla Clapp က ယခု ဦးသိန်းစိန်၏ ခရီးစဉ်ကို “သမိုင်း၏ အပိုင်းအစတစ်ခု” ဟု သတ်မှတ် ပြောဆိုသည်။
“အမေရိကန်ပြည်ထောင်စုကို မြန်မာနိုင်ငံတော်ခေါင်းဆောင် လာရောက်လည်ပတ်ခဲ့ဖူးတာဆိုလို့ တစ်ကြိမ်တည်း ရှိခဲ့ဖူးတယ်။ အဲဒါက ၁၉၆၆ ခုနှစ်မှာ ဦးနေဝင်းလာရောက်ခဲ့တာပါ” ဟု Priscilla Clapp ကပြောကြားသည်။

အိုဘားမားအုပ်ချုပ်ရေးအဖွဲ့သည် ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံရေးဖိနှိပ်မှုများဖြစ်ပေါ်နေခဲ့သည့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး၊ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပိုမိုဖြစ်ထွန်းလာအောင် ဆက်လက်ဖိအားပေးလျက်ရှိသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသော ဦးအောင်ဒင်ကမူ မြန်မာနိုင်ငံ၌ ဒီမိုကရေစီအပြည့်အဝရရှိသွားအောင် ဆက်လက်ဆော်သြသွားမည်ဟု ပြောကြားသည်။

“သူတို့(အမေရိကန်အစိုးရ)က မြန်မာနိုင်ငံမှာ ဆက်လက်ပြီး တိုးတက်ဖြစ်ထွန်းမှုတွေပေါ်ပေါက်လာဖို့အတွက် သူတို့ရဲ့ အကောင်းဆုံးရွေးချယ်မှုဟာ ဦးသိန်းစိန်နဲ့ စေ့စပ်ညှိနှိုင်းသွားရေးပဲဖြစ်တယ်ဆိုတာကို ယုံကြည်နေကြတယ်” ဟု ၎င်းကပြောကြားသည်။

အောင်မြင်ဖြစ်ထွန်းသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဖြစ်ပေါ်လာရေးမှာ လတ်တလောဖြစ်ပေါ်နေသည့် တိုင်းရင်းသားလူမျိုးစု တင်းမာမှုများနှင့် ဘာသာရေးအဓိကရုဏ်းများကို အပြည့်အဝ ဖြေရှင်းပေးနိုင်မည့် အစိုးရ၏ အရည်အချင်းအပေါ်တွင် များစွာမူတည်လျက်ရှိသည်။ တည်ငြိမ်သောဒီမိုကရေစီစနစ်နှင့် လွတ်လပ်သော ဈေးကွက်တို့သည်လည်း အရေးပါသည့် အချက်များပင်ဖြစ်သည်ဟု Priscilla Clapp ကပြောကြားသည်။

“အဂတိလိုက်စားမှုတွေကိုင်တွယ်ဖြေရှင်းတာတို့၊ ပွင့်လင်းမြင်သာမှုကို အစိုးရအဖွဲ့ထဲမှာသာမက စီးပွားရေး စနစ်ထဲမှာ ထည့်သွင်းအသုံးပြုနိုင်တာတို့ စတာတွေကအရေးကြီးပါတယ်။ လတ်တလောအကြီးမားဆုံးပြဿနာကတော့ အရာရာဟာ ပွင့်လင်းမြင်သာမှုမရှိဘဲ   နားလည်ရဖို့ခက်ခဲနေတာပဲဖြစ်ပါတယ်။   အဲဒီလိုအခြေအနေဟာ   အဂတိလိုက်စားမှုတွေ  ဖြစ်ပေါ်ဖို့
ရေကန်အသင့်ကြာအသင့်အခြေအနေမျိုးပါပဲ။ သူတို့က အဲဒါကိုနားလည်သဘောပေါက်ထားတယ်” ဟု ၎င်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည်လည်း ယမန်နှစ်က  ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်နှင့်ပတ်သက်၍ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။

“အောင်မြင်မှုတွေကို ကျွန်မတို့ တွေ့မြင်ရပြီလို့ ထင်မှတ်လိုက်တဲ့အချိန်ဟာ အသွင်ကူးပြောင်းမှုတွေရဲ့ အခက်ခဲဆုံး အချိန်ကာလပဲဖြစ်ပါတယ်။ အောင်မြင်မှုတံလျပ်တွေရဲ့ ဖျားယောင်းမှုမခံရဖို့ ကျွန်မတို့တတွေ အင်မတန် သတိကြီးကြီး ရှိကြရပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောဖူးသည်။

 ယခုဦးသိန်းစိန်ခရီးစဉ် မတိုင်မီအချိန်ပိုင်းတွင် မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားအချို့ကို လွှတ်ပေးသည်။

            နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးအောင်ဒင်က မြန်မာနိုင်ငံ၏အနာဂတ်အတွက် မျှော်လင့်ချက်ရှိသည့်ကိစ္စဖြစ်သည်ဟုဆိုပြီး အကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိလွှတ်ပေးနိုင်ရေးအတွက် ဖိအားပေးရန် အိုဘားမားကို တိုက်တွန်းလိုက်သည်။

“ဒီခရီးစဉ်မှာ အိုဘားမားအနေနဲ့ ဦးသိန်းစိန်ကို ဖိအားပေးနိုင်မယ့် အခွင့်အရေးတွေရရှိပါလိမ့်မယ်။ သိသာထင်ရှားတဲ့ ရလဒ်တွေ၊ အဖြေတွေထုတ်နိုင်ဖို့ ပိုမိုဖိအားပေးနိုင်မှာပါ” ဟု ဦးအောင်ဒင်ကပြောသည်။

ဦးသိန်းစိန်၏ သမိုင်းဝင် အမေရိကန်ပြည်ထောင်စု ခရီးစဉ်သည် ပြုပြင်ပြောင်းလဲမှုများကိုပြုလုပ်နေသည့် မြန်မာအစိုးရကို
ထောက်ပံ့မှုပြုမည့် အမေရိကန်ပြည်ထောင်စု၏ ဆုံးဖြတ်ချက်ကို မီးမောင်းထိုးပြရာရောက်ပြီး မြန်မာနိုင်ငံ၏  အလားအလာကို ပြည်သူများ သိရှိသဘောပေါက်ရန် ကူညီရာလည်းရောက်ကြောင်း အိမ်ဖြူတော်ကပြောကြားသည်။



No comments:

Post a Comment