Monday, April 29, 2013

မျှော်တိုင်းနီးစေချင်သည့် ငြိမ်းချမ်းရေး



           သမ္မတဦးသိန်းစိန်၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုများမှာ အောင်မြင်မှုများတွေ့မြင်ရသည်နှင့်အမျှ သူ၏လုပ်ရပ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏ အသိအမှတ်ပြုမှုမှာလည်း (ICG မှ သမ္မတဦးသိန်းစိန်အား ငြိမ်းချမ်းရေးဆု ပေးအပ်ခြင်း) အခိုင်အမာရရှိခဲ့ပြီလည်းဖြစ်သည်။ ထို့အပြင် ယခုတလော၌လည်း နိုင်ငံရေး အသိုင်းအဝိုင်းအတွင်း ဖယ်ဒရယ်အရေး ဆွေးနွေးပွဲများ၊ နိုင်ငံတကာပညာရှင်များမှ ယင်းအရေးအပေါ် ၎င်းတို့၏ လေ့လာထားမှုများကို လာရောက်ဟောပြောခြင်းမျိုး ခပ်စိတ်စိတ်တွေ့မြင်လာရသည်။ ယင်းသည် သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး လမ်းပြမြေပုံ၏ နောက်ဆုံးအချက်အား ရုပ်လုံပေါ်လာဖို့ လိုအပ်သည့် အစပျိုးအခြေအနေများပင်ဖြစ်သည်။
 
          ငြိမ်းချမ်းရေးဆိုသည်မှာ ပြည်သူများ အမှန်တကယ်လိုလားသည့် အရာ၊ ပြည်သူအားလုံး အကျိုးဖြစ် ထွန်းစေမည့်အရေး။ သို့သော် အကျိုးစီးပွားများဖြင့် တည်ဆောက်ထားသည့် လူ့အဖွဲ့အစည်းတွင် ငြိမ်းချမ်းရေး ဆိုသည်မှာ လိုတိုင်းတရနိုင်သည့် ပန်းခင်းလမ်းမဟုတ်၊ မာန်၊ အာဃာတတရားများကို အဆုံးအစွန်ထိ လျှော့ချ ရမည့် ရနိုင်ခဲသည့် ဆူးခင်းလမ်းဖြစ်သည်။ ဆူးခင်းလမ်း ၏ ပြယုဂ် အပိုင်းအစ အချို့ကို ယခုတလော ထွက်ပေါ် လာသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ် မတော်နှင့် ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့၏ ပူးတွဲ ထုတ်ပြန်ချက်အရသိရှိနိုင်သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် အစိုးရတပ်မှ တပ်အင်အားများတိုးချဲ့ပြီး တိုင်းရင်းသားအဖွဲ့များ ထိန်းချုပ်ဒေသများသို့ ဝင်ရောက်နေ မှုများကြောင့် ကြိမ်ဖန်များစွာ ထိတွေ့မှုများ ဖြစ်ပေါ် နေခြင်းကို  အမြန်ဆန် ရပ်တန့်ပေး ရန် တောင်းဆို
ထားသည်။ ယင်းထုတ်ပြန်ချက် အတိုင်းသာ အမှန်ဖြစ်နေလျှင် သမ္မတကြီး၏ ငြိမ်းချမ်းရေး မူနှင့် လက်တွေ့ဖော်ဆောင် မှုကြား၌ ကွာဟ မှုရှိနေပြီဟု ယူဆ၍ရနိုင်သည်။

          ပဋိပက္ခဖြစ်ရာ ဒေသတွင် အပစ်အခတ်များရပ်စဲထားသော်ငြားလည်း နှစ်ဖက်တပ်များမှ ရည်ရွယ်ချက် မရှိသည့် ထိတွေ့မှုများကြောင့် အပစ်ခတ်များရှိနေနိုင်ခြင်းနှင့် တပ်စုမှူးသည် ၎င်း၏ တပ်စုကို ကာကွယ်ဖို့ရန် တာဝန်ရှိခြင်းကြောင့် တဖက်တပ်၏ ပစ်ခတ်မှုများကို ပြန်လည် ပစ်ခတ် ရခြင်းသာဖြစ်ကြောင်း  ငြိမ်းချမ်းရေး အကျိုးဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ သုံးသပ်ပြော ဆိုမှုမှာလည်း အလေးထား စဉ်းစားစရာ ပင်ဖြစ်သည်။ သို့သော် သမ္မတဦးသိန်းစိန်အနေဖြင့် မူနှင့် လက်တွေ့ဖော်ဆောင်မှုကြားကွာဟမှုကို ဖြည့်ဆည်းဖို့ အမှန်တကယ်လိုအပ်နေပြီဖြစ်သည်။ သို့မဟုတ် ပါက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကိုကျယ်ကျယ်ပြန့် ပြန့်လုပ်ဆောင်လာနိုင်သည့်သမ္မတအပေါ် ပြည်သူများ
၏ ယုံကြည်မှု လျော့သွားနိုင်သည့်အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု (တပ်မတော်၏ သြ ဇာလွမ်းမိုးမှုအပေါ်) ကို သို့လော..သို့လော မေးခွန်းများဖြင့် သံသယပွား လာမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ ထိလွယ်ရှလွယ် ရှိလှသည့်အတွက် အမှားမခံသည့် အခြေအနေမျိုးကို သတိကြီးကြီးကိုင်တွယ်မှသာ ပြည်သူများအတွက် မျှော်တိုင်းနီး၍လာမည့်ငြိမ်းချမ်းရေးပန်းတိုင်ဖြစ်လာမည်
ကို ယုံကြည်စေချင်သည်။

No comments:

Post a Comment