Thursday, April 25, 2013

၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်တွင် အီးယူ - မြန်မာ ကုန်သွယ်မှုမြင့်တက်လာမည်



            ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူများကို ယခုအခါ ဖြေ
လျော့ပေးလိုက်ပြီဖြစ်၍ အီးယူ-မြန်မာကုန်သွယ်မှုမှာ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်တွင် တိုးတက်လာမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အကြံပေးအရာရှိ ဒေါက်တာမောင်အောင်က ပြောကြားခဲ့ကြောင်း သိရသည်။

          ယခုနှစ် မတ်လ ၅ ရက်က ဥရောပကောင်စီဥက္ကဋ္ဌ မစ္စတာ ဟာမင်ဗန်ရွန်ပိုင်နှင့်အတူ ဥရောပကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ဟိုဆေးမန်နျုရယ်ဘာရိုဆိုတို့က နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီးနောက် အီးယူအဖွဲ့ဝင် နိုင်ငံများနှင့် မြန်မာနိုင်ငံ
အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုတို့တွင် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ပြီး အဆိုပါ သဘောတူညီချက်အရ
 မြန်မာ့ပို့ကုန်များအား ကုန်သွယ်မှုဆိုင်ရာအထူးအခွင့်ရေး တစ်ခုဖြစ်သည့် GSP ဆိုင်ရာ သက်သာခွင့်များ ရရှိရေးအပါအဝင် အီးယူဈေးကွက်အတွင်းသို့လည်း မြန်မာနိုင်ငံ အဟန့်အတားမရှိ ဝင်ရောက်နိုင်ရေး အတွက် အီးယူနိုင်ငံများအနေဖြင့် စတင်
အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

      ထို့ပြင် အီးယူနှင့် မြန်မာနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုတိုးမြင့်ရေးအတွက် နှစ်ဖက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်
ကိုရေးထိုးနိုင်ရန် ဖြစ်နိုင်ခြေကို လေ့လာဆောင်ရွက်သွားမည်ဖြစ်ပြီး အထူးသဖြင့် သယံဇာတတူးဖော်မှု လုပ်ငန်းများတွင် စီး
ပွားရေးလုပ်ငန်းရှင်များ၏ တာဝန်ယူမှုဆိုင်ရာ အလေ့အကျင့်ကောင်းများကို မြှင့်တင်သွားရန် သဘောတူညီခဲ့ကြောင်း သိရှိ
ရသည်။

            အီးယူဈေးကွက်သို့ အထည်ချုပ်၊ ရေထွက်ကုန်နှင့် သစ်အချောများတင်ပို့မှု ဈေးကွက်များကို မြန်မာနိုင်ငံမှ ပြန်လည်
ရရှိမည်ဖြစ်ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှု ရှိလာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံမှုလည်း ရှိလာမည် ဖြစ်သောကြောင့် ကုန်သွယ်မှုနှင့်အတူ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးတက်လာမည်ဖြစ်ကြောင်း ဒေါက်တာမောင်အောင်မှ ထပ်မံပြောကြားခဲ့သည်။

         မြန်မာနိုင်ငံမှ အထည်အချုပ်လုပ်ငန်းရှင်များအနေဖြင့် ဥရောပသမဂ္ဂကပေးမည့် ကုန်သွယ်မှုဆိုင်ရာ အထူးသက်သာခွင့် (GSP)ကို ရရှိမည်ဆိုလျှင် ဥရောပဈေးကွက်သို့ အထည်ချုပ်လုပ်တင်ပို့နေသည့် အိမ်နီးချင်းများနှင့်အပြိုင် ယှဉ်ပြိုင်တင်ပို့ နိုင်မည်ဖြစ်ကြောင်း ကုန်သည်အသင်းချုပ်ရုံးမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏမှာ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၈ ဒသမ ၄၂ ဘီလျံကျော် ရရှိခဲ့သည့်အတွက် ပြီးခဲ့သည့် ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်လျှင် ဒေါ်လာ ၂၅၀ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရှိရသည်။

No comments:

Post a Comment