Tuesday, April 30, 2013

ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအပေါ် ကင်တားနားမှ ဝေဖန်သုံးသပ်


    ၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေး ထားသော ကော်မရှင်အဖွဲ့၏ အစီရင်ခံစာသည် ဒေါင့်ပေါင်းစုံကို လေ့လာသုံးသပ်ထားသော အစီရင်ခံစာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) ကပြောကြားခဲ့သည်။

         အဆိုပါ အစီရင်ခံစာ အပါအ၀င် ကော်မရှင်၏ အကြံပြုချက်များအပေါ်တွင် လေ့လာသုံးသပ်ပြီး၊ မကြာမီရက်ပိုင်း အတွင်း ၎င်း၏ သုံးသပ်ချက်များကို ပြန်လည် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မစ္စတာ ကင် တာနားမှ ပြောကြား ခဲ့ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှလည်း ကော်မရှင်၏ အကြံပြုချက် များ ကို လေ့လာသုံးသပ် နေကြောင်း သိရှိရသည်။

       ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာသည်  နဂိုသတ် မှတ်ချိန် ထက် နောက်ကျ ကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဖြစ်အပျက် ဖြစ်စဉ်များအပါအ၀င် နောက်ခံ သမိုင်းကြောင်း များကိုပါ သုံးသပ် တင်ပြထားကာ ပြဿနာများ ကိုင်တွယ် ဖြေရှင်းရေးအတွက် အကြံပြုချက်တွေကိုပါ ထည့်သွင်းထားကြောင်း မစ္စတာကင်တားနား ကပြောကြားခဲ့သည်။

        အကြံပြုချက်များထဲတွင် ရခို်င်ပြည်နယ်အတွင်း ပဋိပက္ခများကို ထိန်းသိမ်းနိုင်ရန်အတွက် လုံခြုံရေး အင်အားများ တိုးမြှင့်ချထားရန်၊ အကြမ်းဖက်ခံရသော ဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ များပေးနိုင်ရေးတို့ကို အသေးစိတ် ဖော်ပြထားပြီး ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို အသေအချာ လိုက်နာပါက ပြဿနာကြီးထွားလာစရာမရှိဟု ကော်မရှင်၏ အစီရင်ခံတွင် သုံး သပ်ဖော်ပြထားကြောင်း သိရှိရသည်။

   လက်ရှိ ဒုက္ခသည်စခန်းများတွင်ရှိသော ဒုက္ခသည်များ၏ ကျန်းမာရေး၊ လူမှုရေး၊ လူသားရပ်တည်မှုအကျပ် အတည်းဆိုင်ရာ အခြေအနေများကို စိုးရိမ်ဖွယ်ရှိကြောင်းဖော်ပြထားပြီး အစီရင်ခံစာ တစ်ခုလုံးတွင် ရိုဟင်ဂျာ ဟူသည့် အသုံးအနှုန်းကို ရှောင်ထားကာ ဘင်္ဂါလီဟု သုံးနှုန်း ထားကြောင်း မစ္စတာကင်တားနားမှ ပြောကြား ခဲ့သည်။

    မွတ်ဆလင် အသိုင်းအ၀ိုင်းအား ဘာကြောင့် ရိုဟင်ဂျာဟု မသုံးနှုန်းရခြင်း အကြောင်းရင်း ရှင်းလင်းထားချက် များ၊ နယ်စပ်တွင်ရှိသော နစက အဖွဲ့များအကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသော အာဏာပိုင်များ ဥပဒေကင်းလွတ်ခွင့် ရရှိနေသောကိစ္စ၊ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေ ပြုပြင်ပြောင်း လဲ ရေးကိစ္စ၊ ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်များ၏ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေမှုများ အစ      ရှိသော ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေသည့် အကြောင်းအရာ အတော်များများ ကို အဆိုပါ အစီရင်ခံစာထဲတွင် ပြည့်ပြည့်စုံစုံ ထည့်သွင်း ဖော်ပြထားကြောင်း မစ္စတာကင်တားနား ကပြော ကြားခဲ့သည်။

       အစီရင်ခံစာတွင် ရွေ့ပြောင်း ရိုဟင်ဂျာများအတွက် လုံလောက်သော လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီများပေးရန် အရေးတကြီး လိုအပ်နေ သည်ဆိုသော အချက်ကို အသိမှတ်ပြုသော်လည်းလွန်ခဲ့သည့် ဇွန်လနှင့်  အောက်တိုဘာလ များတွင်ဖြစ်ပွားခဲ့သော လူသားချင်း စာနာမှု ကင်းမဲ့သော ရာဇာဝတ်မှု များကို ဖော်ပြရန် ပျက်ကွက်ခဲ့မှုများရှိနေကြောင်း Human Rights Watch အဖွဲ့မှ Phil Robertson မှပြောကြား ခဲ့သည်။

     အဆိုပါ ပဋိပက္ခများဖြစ်ပွားစေရန် သွေးထိုးလှုံဆော်ခဲ့သော လူများအားလုံးကို အရေးယူရန်  ပျက်ကွက်ခဲ့ ခြင်းသည် နောင်အခါ ယင်းအစွန်းရောက်ဝါဒီများသည် ၎င်းတို့၏ရည်ရွယ် ချက်များအောင်မြင်
 ရန်အတွက်  ဆူပူအကြမ်းဖက်မှုများ၊ နည်းလမ်းများကျင့် သုံးလာ မည့်အပေါ် အစိုးရအနေဖြင့် တားဆီးရန် ခက်ခဲလိမ့်မည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

        အခြားသော နိုင်ငံတကာ အသိုင်းအ၀ိုင်းများနည်းတူ၊ ကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်များကို အမေရိကန်ပြည်ထောင်စုအနေဖြင့် ပြန်လည် သုံးသပ်မှုများပြုလုပ်နေပြီး ဧပြီလ ၃၀ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဌာန၏ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ဒုတိယ လက်ထောက် အတွင်းရေးမှူး ကယ်လီ တဲလ်မန်း (Kelly Tallman)  မြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်ကာ၎င်း၏ ခရီးစဉ်တွင် ရခိုင်ပြည်နယ်သို့သွားရောက်ပြီး  လူသားချင်း စာနာကူညီမှု အရေးပေါ် လိုအပ်ချက် များ ကို ဆောင်ရွက်သွား ရန်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment