Tuesday, April 30, 2013

တည်ငြိမ်မှုယိုင်နဲ့ နေဆဲပြည်နယ်တွင် လုံခြုံရေး ထပ်တိုးရန် အစိုးရကို တိုက်တွန်း

(Reuters မှ 29 April 2013 ရက်စွဲပါ “Myanmar urged to deploy more troops in volatile state”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ သွေးစွန်းသော လူမျိုးရေးပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသော မွတ်ဆလင်များ၏အခက်အခဲကို အရေးပေါ်ဖြေရှင်းပေးရန် လိုအပ်ပြီး အန္တရာယ်ရှိနေဆဲ ဒေသကို တည်ငြိမ်မှုထိန်းသိမ်းရန်အတွက် လုံခြုံရေးအင်အားကို နှစ်ဆတိုးရမည်ဟု လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်က ယနေ့ပြောကြားသည်။        

ဗုဒ္ဓဘာသာဝင်များလွှမ်းမိုးထားသော ရခိုင်ပြည်နယ်တွင် မနှစ်က ဇွန်လနှင့် အောက်တိုဘာလအတွင်း လူ ၁၉၂ ဦး သေဆုံးကာ လူပေါင်း ၁၄၀,၀၀၀ (ရိုဟင်ဂျာအများစု) အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် အကြမ်းဖက်မှုကို လူသားချင်းစာနာပံ့ပိုးမှုနှင့် လုံခြုံရေးတိုးမြှင့်မှု နည်းလမ်းနှစ်မျိုးလုံးဖြင့် တုန့်ပြန်ရန် လိုကြောင်း ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော အစီရင်ခံစာက ဆိုပါသည်။                

မနှစ်က ရခိုင်ပြည်နယ်မှ လူမျိုးတုံးသန့်စင်မှုတွင် လုံခြုံရေးတပ်ဖွဲ့များလည်း ကြံရာပါဖြစ်နေကြောင်း စွပ်စွဲထားသည့် HRW ၏ ဧပြီ ၂၂ ရက် အစီရင်ခံစာအပြီးတွင် မြန်မာကော်မရှင်၏ အကြံပြုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။        

ရခိုင်ပြည်နယ်တွင် လူမျိုးရေး၊ ဘာသာရေး အပြန်အလှန်နားလည် သည်းခံမှု တွန်းအားပေးရန်အတွက် ဗုဒ္ဓဘာနှင့် မွတ်ဆလင်ခေါင်းဆောင်များ တွေ့ဆုံစည်းဝေးကြရန် ကော်မရှင်ကတိုက်တွန်းထား သော်လည်း သွေးဆူရန်လိုမှုများ အေးဆေး
သွားချိန်အထိ အသိုင်းအဝိုင်းနှစ်ခုကို သီးခြားခွဲထားရမည်ဟု ဆိုပါသည်။        

ရိုဟင်ဂျာများကို ဘင်္ဂါလီများဟု သုံးနှုန်းထားသော အစီရင်ခံစာတွင် ယင်းဘင်္ဂါလီများ၏ နိုင်ငံသားခံယူခွင့်ကို အကဲဖြတ်ရန် အစိုးရကို တိုက်တွန်းထားသော်လည်း (ရိုဟင်ဂျာများက ကန့်ကွက်နေကြသော) ၁၉၈၂ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဆောင်ရွက်ရန်အကြံပြုထားသည်။ ဘင်္ဂါလီလူဦးရေ မြန်ဆန်စွာ ကြီးထွားနေ မှုကြောင့် ဒေသခံရခိုင်များ စိုးရိမ်စိတ်ဖိစီးနေသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းပြဿနာကို ထိန်းချုပ်ရန်အတွက် Family Planning မိသားစုနောင်ရေးအစီအစဉ် ချမှတ်ဆောင်ရွက်သွားရမည်ဖြစ်ပြီး လူမျိုးရေးခွဲခြားဆက်ဆံမှုဟု ရှုမြင်ခံရဖွယ်ရှိသော အတင်းအကျပ်စီမံချက်များ အကောင်အထည်ဖော်မှုကို ရှောင်ရှားကာ လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီဖို့ လိုသည်ဟု ကော်မရှင်အစီရင်ခံစာက အကြံပြုထားသည်။

ထို့အပြင် လူဦးရေပြည့်ကျပ်နေသော ဒုက္ခသည်စခန်းများတွင် မုတ်သုံရာသီမဝင်ခင် စားနပ်ရိက္ခာ၊ နေမှုထိုင်မှု လုံခြုံစိတ်ချရအောင် ဆောင်ရွက်ပေးရန် အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို ကော်မရှင်က တိုက်တွန်း ထားသည်။ နိုင်ငံသားမဟုတ်သူများ၏လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်ပျက်ကွက်ပါက နောက်ထပ်အုံကြွမှုများ ဖြစ်လာနိုင်ကြောင်းနှင့် ၎င်းတို့ကိုယ်တိုင် နိုင်ငံသားများ ဖြစ်လာမှသာ အခြားနိုင်ငံသားများနှင့် အတူယှဉ်တွဲနေထိုင်နိုင်ကြလိမ့်မည်ဖြစ်ကြောင်း ကော်မရှင်အစီရင်ခံစာတွင် ဖော်ပြထားသည်။

No comments:

Post a Comment