Thursday, May 2, 2013

တရားဥပဒေစိုးမိုးမှုမရှိခြင်းအပေါ် အခွင့်အကောင်းယူ၍ တရုတ်နိုင်ငံသို့ သစ်ခိုးထုတ်မှုမြင့်တက်

ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် တပ်မတော်တို့၏ စစ်ဖြစ်ပွားမှုများကြောင့် ကချင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးမှုမရှိခြင်းအပေါ် အခွင့်ကောင်းယူ၍ တရုတ်နိုင်ငံသို့ သစ်ခိုးထုတ်မှုများ အရှိန်မြင့်တက်လာခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် တပ်မတော်နှင့် KIO တို့ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်ကာလအတွင်း တိုက်ပွဲဖြစ်ပွားနေမှုများကို ရပ်တန့်ထားသော်လည်း ကချင်ပြည်နယ်၌ တရားဥပဒေကင်းမဲ့လျက်ရှိသည့်အပြင် နိုင်ငံဝန်ထမ်းများမှ အဂတိ လိုက်စားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်လျက်ရှိပြီး အဆိုပါလုပ်ရပ်များအပေါ် အခွင့်ကောင်းယူ၍ တရုတ်နိုင်ငံသားများမှ ၎င်းတို့နိုင်ငံသို့ သစ်များခိုးထုတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဒေသခံတစ်ဦးက ပြောကြားသည်။

ထို့ပြင် တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် ရွှေလီမြို့တွင် သစ်လုံးကားကြီးများ နေ့စဉ် ဝင်ထွက်လျက်ရှိသည့် အပြင် မြန်မာနိုင်ငံမှခိုးဝင်လာသည့် သစ်လုံးကားများကို သစ်တစ်တန်လျှင် ယွမ်ငွေ ၁၂၀၀ အဖြစ် တရုတ် အာဏာပိုင်များက အခွန်ကောက်၍ လက်သင့်ခံလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံသားတို့၏ မဆင်မခြင် သစ်ခိုးထုတ်မှုများကြောင့် သစ်တော   ပြုန်းတီးမှု များဖြစ်ပေါ်ခဲ့သည့်အပြင်  သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများမှာလည်း  ပိုမိုဆိုးရွားလာခဲ့သည့်  အတွက်  နိုင်ငံတော်အနေဖြင့်
အဆိုပါကိစ္စရပ်များအား ထိရောက်စွာအရေးယူဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်မှုများကို သက်ဆိုင်ရာ တောအုပ်၊ မြို့နယ် သစ်တောဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာနရုံးများသို့ သွားရောက်သတင်းပို့မှုများရှိသော်လည်း အရေးယူမှုလုံးဝမရှိဘဲ လျစ်လျူရှု ထားကြောင်း
ဒေသခံတစ်ဦးက ပြောကြားသည်။

No comments:

Post a Comment