Tuesday, April 30, 2013

ဒေါ်အောင်ဆန်းစုကြည် ကြိမ်ကြိမ်ပြောသော ‘တရားဥပဒေစိုးမိုးရေး’ မှာ မြန်မာနိုင်ငံတွင် အလှမ်းဝေးနေသော မျှော်လင့်ချက်ဖြစ်နေဆဲ

(29 April 2013 ရက်စွဲပါ Khaleej Times မှ AFP ၏ Suu Kyi’s ‘Rule of Law’ mantra a distant hope in Myanmar ကို ဘာသာပြန်ဆိုပါသည်)

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန်ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် အထပ်ထပ်အခါခါ ပြောခဲ့သော စကားဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံတွင် အာဏာရှင်နှင့် အဂတိလိုက်စားမှု နက်ရှိုင်းစွာ ရှိခဲ့သော စစ်အစိုးရနှင့် တွေ့ကြုံခဲ့ရသော အများစုအတွက်မူ တရားဥပဒေစိုးမိုးရေးမှာ အလှမ်းဝေးသော မျှော်လင့်ချက် ဖြစ်နေဆဲဖြစ်ပါသည်။

မြေယာသိမ်းယူမှုများကဲ့သို့သော ထင်ရှားသည့် ကိစ္စရပ်များသည် မြန်မာနိုင်ငံတွင် စိုးရိမ်စိတ်များ တိုးပွားစေလျှက်ရှိပါသည်။ ဒီမိုကရေစီကို လုပ်ဆောင်လျှက်ရှိသော်လည်း တိုင်းပြည်၏ အားနည်းလှသော တရားဥပဒေ ဖွဲ့စည်းပုံအရ ဆင်းရဲသားများနှင့် အားနည်းသူများကို အကာအကွယ်မပေးနိုင်ခြင်းကြောင့် ဖြစ်ပါသည်။

လူ့အခွင့်အရေးအုပ်စုများကလည်း ပြောကြားရာတွင် မကြာသေးမီက ဖြစ်ပွားသော လူမျိုးရေး မငြိမ်သက်မှုများအပေါ် အရေးမယူနိုင်ခြင်းများနှင့် တိုင်းရင်းသားပဋိပက္ခများတွင် စွပ်စွဲမှုများရှိသည့် စစ်တပ်၏ ချိုးဖောက်မှုများသည်လည်း လျင်မြန်သောနှုန်းဖြင့် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး ပြောင်းလဲမှုများနှင့်အတူ အမြန်နှုန်းလိုက်မီရန်ဖြစ်ပေါ်လျှက်ရှိသည်ဟု ဆိုပါသည်။

“ကျွန်တော်တို့ဟာ လူတိုင်းခံစားနိုင်မယ့် မျှတတဲ့စနစ်တစ်ခုအတွက် တိုက်ပွဲဝင်နေရတုန်းပါပဲ။ တရားဥပဒေဟာ အကြီးအကဲ ဖြစ်ရပါမယ်”ဟု ၂၀၀၂ ခုနှစ်က ထောင်သုံးနှစ်ချခံရသော ဥပဒေကျောင်းသား နိုင်ငံရေးအကျဉ်းသားဟောင်း ခင်မောင်ဝင်းက ပြောပါသည်။ ၎င်းသည် အစိုးရဆန့်ကျင်ရေး စာရွက်ဝေငှမှု ကြောင့် အဖမ်းခံရပါသည်။

Myanmar Legal Aid Network မှ အတွင်းရေးမှူးဖြစ်သူက AFP သို့ ပြောကြားရာတွင် ၎င်းတို့တိုင်းပြည်၏ တရားဥပဒေစနစ်သည် တရားမျှတမှုမရှိခြင်း၊ တရားဥပဒေစစ်စစ်မပီသခြင်းနှင့် အဂတိလိုက်စားမှုများ ရှိဆဲဖြစ်ကြောင်း ဆိုပါသည်။

“ကျွန်တော်တို့ သမိုင်းကြောင်းက မကောင်းခဲ့ပါဘူး။ ရှေ့ဆက်သွားဖို့ဆိုရင် သာမန်ပြည်သူတွေဟာ ဥပဒေရဲ့ ရပိုင်ခွင့်တွေ ခံစားနိုင်ရပါမယ်။ ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ပါဝင်ရပါမယ်”ဟု ၎င်းကပြောပါသည်။

ပညာရှင်များက ပြောကြားရာတွင် ဆိုးရွားလှသော စစ်အစိုးရခေတ်ကာလက လျှို့ဝှက်စွာ အကျဉ်းချုံး တရားစီရင်၍ ထောင်ချမှုများသည် ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း၊ သေဆုံးမှုများနှင့် ပျောက်ဆုံးမှုများအတွက် အစိုးရအပေါ် အပြစ်တင်မှုများမှာလည်း အရေးယူမှုမရှိဘဲ တရားရုံးများမှလည်း တိုင်းပြည်၏ ချမ်းသာကြွယ်ဝ မှုများကို ယူငင်ခဲ့သော စစ်အုပ်ချုပ်သူ လူတန်းစား၏ အကျိုးစီးပွားများကိုသာ အလေးပေး၍ တရားမျှတမှု မရှိတော့ကြောင်း ဆိုပါသည်။ တရားသူကြီးများမှာလည်း ပါဝါရှိသောစီးပွားရေးလုပ်ငန်းရှင်များ၏ ဝယ်ယူမှု၊ နိုင်ငံရေးသမားများကို ကြောက်ရ မှုများရှိပြီး ဥပဒေအရာရှိများနှင့် ရဲများကလည်း အာဏာကို အထိန်းအကွပ်မဲ့စွာ ကျင့်သုံးခဲ့ကြ ပါသည်။အပျံသင်စလွှတ်တော်မှာလည်း ဥပဒေပြုရန် ငြင်းခုံနေရဆဲ ဖြစ်ပါသည်။ တရားရုံးများနှင့် ပတ်သက်ပြီး လုပ်ဆောင်နေသော လုပ်ငန်းများမှာလည်း ခက်ခဲနေဆဲဖြစ်ပါသည်။ သုံးသပ်သူများက ပြောကြားရာတွင် တရားဥပဒေဆိုင်ရာ အင်စတီကျူးရှင်း များမှာ  ပြုပြင်ပြောင်းလဲရေးများကို အထောက်အကူပြုနိုင်ရန် အားနည်းလွန်းလှသည်ဟု ဆိုပါသည်။

ပြည်သူများ၏ အမြင်တွင် တရားဝင်မှုကို ဥပဒေက အလျင်အမြန်လုပ်ဆောင်ပေးနိုင်သည်ဟု ရှိရ မည်  ဖြစ်သည်ဟု မြန်မာနိုင်ငံအလယ်ပိုင်း ကြေးနီစီမံကိန်းအနီးမှ မြေသိမ်းခံရသောရွာသားများကိုကိုယ်စားပြုသည့်အတွေ့အ ကြုံရှိရှေ့နေ ဦးအောင်သိန်းက ပြောပါသည်။

အဆိုပါကြေးနီကိစ္စတွင် ဥပဒေများသည် မြန်မာပြည်သူများ၏ ရပိုင်ခွင့်ကို အကာအကွယ်ပေးရန်ထက် ရင်းနှီးမြှုပ်နှံသူများ သေချာစေရန် အားကောင်းရမည်ဟုဆို၍ ပြဿနာကို မီးမွှေးသည့်နှယ် ဖြစ်နေပါသည်။ ထိုကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်မှာလည်း အစီရင်ခံစာတွင် ကြေးနီစီမံကိန်းပိုင်ရှင်ဘက်မှ ရပ်သည်ဟု ဆိုသော စွပ်စွဲမှုများ ခံနေရပါသည်။

အုပ်ချုပ်ရေးပိုင်းမှ တရားစီရင်ရေးသို့ လွှမ်းမိုးမှုများ ရှိနေဆဲဖြစ်သည်ဟု ဦးအောင်သိန်းက AFP သို့ ပြောပါသည်။ နိုင်ငံရေးအရ နှောက်ယှက်မှုများ ဆက်ရှိနေပါက တိုင်းပြည်သည် ရှေ့သို့မတက်နိုင်ကြောင်း ဆိုပါသည်။

သမ္မတဦးသိန်းစိန်ကလည်း တရားဥပဒေစနစ်အပေါ် ၎င်း၏သန္နိဌာန်များကို အလေးအနက် ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ရှင်းရှင်းလင်းလင်းတောင်းဆိုခဲ့သည့် တရားဥပဒေစိုးမိုးရေး တစ်ပါတည်း ရှိရမည်ဆိုသည်နှင့် ထပ်တူပြောခဲ့ပါသည်။

ဖိနှိပ်သော ဥပဒေအချို့ကို ဖျက်သိမ်းခြင်း သို့မဟုတ် ဖြေလျော့ပေးခြင်းများ ရှိလာပါသည်။ စာနယ်ဇင်း များမှာလည်း တင်းကြပ်သော ဆင်ဆာအောက်မှ လွတ်လာခဲ့ပြီး ဆန္ဒပြမှုများမှာလည်း ခွင့်ပြုမှုရသော်လည်း ရဲ၏ ခွင့်ပြုမှု ရယူရပါသည်။

ဒေသဆိုင်ရာ တရားသူကြီးများနှင့် ရဲအရာရှိများကို ၎င်းတို့၏ တာဝန်များနှင့် အာဏာအကန့်အသတ် များ ပညာပေးခြင်း လေ့ကျင့်သင်ကြားခြင်းများ ပြုလုပ်ရန် လုပ်ဆောင်နေပါသည်။

အာဏာရှိသော စစ်တပ်သည်ပင်လျှင် ဥပဒေအောက်တွင် တာဝန်ယူမှု ရှိစေရန် လုပ်ဆောင် နေပါသည်။ သို့သော် ကချင်ပြည်နယ်မှာ တိုင်းရင်းသားပဋိပက္ခတွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိကြောင်း စွပ်စွဲချက်များ၊ ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာ-မွတ်ဆလင်ဖြစ်ရပ်များသည် စစ်တပ်၏ ရိုးသားမှုအတွက် သံသယရှိ ဖွယ်များ ဖြစ်ပါသည်။

အာဏာပိုင်များသည် နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးခဲ့ရာ အနောက်၏ အဓိက တောင်းဆိုမှုကို လိုက်လျောခဲ့သောကြောင့် ဆက်ဆံရေးကို မြှင့်တင်နိုင်ခဲ့ပါသည်။

ပြီးခဲ့သည့်အပတ်က နိုင်ငံရေးအကျဉ်းသားအချို့ လွှတ်ပေးခဲ့ပါသည်။ သို့သော် ထောင်ထဲတွင် အချို့ ရှိနေသေးကြောင်း၊ နိုင်ငံရေးအရ အမြတ်ထွက်ရန် နာမည်ကြီးသော အကျဉ်းသားများကိုသာ လွှတ်ပေးခြင်းဖြစ်ပြီး ၎င်းတို့အပေါ် ထောင်ချခဲ့မှုများအတွက် တာဝန်ခံရမည့် မေးခွန်းများအတွက် ကိုင်တွယ်အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း လူ့အခွင့်အရေးအုပ်စုများက ပြောပါသည်။

တရားဥပဒေစနစ်ကို ပြန်လည်ပြင်ဆင်ရမည်ဖြစ်ရာ စစ်တပ်က ရေးဆွဲသော ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ခြင်းမှ စတင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်သိန်းက ပြောပါသည်။

အခြေခံဥပဒေတွင် စစ်တပ်သည် အရေးပေါ်အာဏာအများအပြား ရယူထားခြင်း၊ တရားဥပဒေ၏ ကာကွယ်မှု ရယူထားခြင်းနှင့် စစ်တပ်မှ ၂၅%ကို လွှတ်တော်တွင် ခန့်အပ်ထားပိုင်ခွင့်များ ပါဝင်နေသည်။

အခြေခံရပိုင်ခွင့်များ ဖော်ပြထားသော်လည်း နိုင်ငံသားများအတွက်သာဖြစ်ပြီး ရိုဟင်ဂျာကဲ့သို့သော တိုင်းရင်းသားအုပ်စုအချို့အတွက် မပါဝင်ပေ။

အခြားအဓိကအခက်အခဲများ ရှိနေသေးရာ ဗြိတိသျှကိုလိုနီလက်ထက်မှစ၍ စစ်အစိုးရခေတ်အထိ အသုံးပြုနေသည့် ရှုပ်ထွေးသည့် ဥပဒေများ ပိုမိုအလုပ်ဖြစ်အောင် ပြုပြင်ရေးလည်း ပါဝင်ပါသည်။

သို့သော် အကျဉ်းသားဟောင်း ခင်မောင်ဝင်းကမူ ယခုအခါ လုပ်ဆောင်နိုင်စွမ်းမရှိသေးသော်လည်း ပြောင်းလဲလိုသည့်ခံယူချက်အလင်းတန်းများ တွေ့ရကြောင်း ဆိုပါသည်။

၎င်းသည် တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ အကြီးတန်းရဲအရာရှိများနှင့် ရန်ကုန်တွင် တွေ့ဆုံခဲ့ရာ ၎င်းတို့သည် သူတို့၏အမှားများကို ပြင်ဆင်ရန်အသင့်ရှိနေသည်ဟု ယုံကြည်ကြောင်းဆိုပါသည်။

“သူတို့ တကယ်ပြောင်းလဲမှုကို အလိုရှိနေပါတယ်။ ကျွန်တော် အ စ က အထူးသဖြင့် ရဲတွေပြောင်းလဲလိုလိမ့်မယ်လို့ မယုံခဲ့ဘူး။ ဒါပေမယ့် သူတို့ တကယ်ကို လုပ်လိုစိတ် ရှိနေပါတယ်”ဟု ၎င်းက ရှင်းပြပါသည်။

No comments:

Post a Comment