Wednesday, April 24, 2013

လယ်ယာမြေကော်မရှင် အစီရင်ခံစာများ လာမည့်လွှတ်တော်တွင် အပြီးတင်မည်


      တပ်မတော်မှ သိမ်းယူထားသည့် မြေယာများ၊ မြို့ပြနှင့် စက်မှုဇုန်များ တည်ဆောက်ရေးစီမံကိန်းအတွက် သိမ်းယူထားသည့်
 မြေယာများနှင့် သက်ဆိုင်သည့် အစီရင်ခံစာ (၂)စောင်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားပြီးဖြစ်ရာ   လယ်ယာမြေ
စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် လက်ကျန်အစီရင်ခံစာများကို လာမည့် လွှတ်တော်   အစည်းအဝေးကာလအတွင်း 
အပြီးသတ် တင်သွင်းသွားရန်ရှိကြောင်း သိရှိရသည်။

        ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းပြီးဖြစ်သည့် အစီရင်ခံစာပါ အချက်များအပေါ် အစိုးရအဖွဲ့မှ ဖြေရှင်း ဆောင်ရွက်
မှုများကို စောင့်ကြည့်၍   မသိရှိရသေးသော လယ်ယာသိမ်းယူမှုများနှင့်သက်ဆိုင်သည့် နစ်နာမှုများ ရှိလာပါက ဆက်လက်
ဆောင်ရွက်ပေးနိုင်ရန် နည်းလမ်းများရှာဖွေသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေစုံစမ်းစစ်ဆေးရေး အဖွဲ့
(၁) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားခဲ့သည်။

     လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင်၏ တင်ပြချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့၊ လယ်ယာမြေ ကော်မတီမှ ဖြေရှင်း
ဆောင်ရွက်ပေးရာတွင် မသမာမှုများမရှိနိုင်စေရန် ဆောင်ရွက်ခဲ့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြို့နယ် အုပ်ချုပ်ရေးမှူး
အဆင့်မှ အစ သြဇာအာဏာသုံး၍ မြေယာမသမာမှုများ လုပ်ဆောင်နေသည်ဟူသည့် တိုင်ကြားချက်များကို လက်ခံရရှိ
ခဲ့ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

        လက်ကျန် အစီရင်ခံစာ နှစ်စောင်တွင် ဆောက်လုပ်ရေး၊ လမ်းဖောက်လုပ်ရေး၊ ပို့ဆောင်ရေး ၊ မြေယာသိမ်းဆည်းခံရမှုနှင့် အထွေထွေကိစ္စရပ်များ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

   ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပြည်သူ့လွှတ်တော် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏   နှစ်ပတ်လည်အစီရင်ခံစာအား   ပြည်သူ့လွှတ်တော် အားတင်သွင်းသွားမည် ဖြစ်ကြောင်း 
အဆိုပါကော်မတီ၏အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

           တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအနေဖြင့် ကြားဖြတ်အစီရင်ခံစာ တစ်စောင်ကို နိုဝင်ဘာလ
အတွင်း ကျင်းပခဲ့သည့်  ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အဆိုပါအစီရင်ခံစာတွင်  တရားစီရင်ရေး မဏ္ဍိုင်ကို ဝင်ရောက်
စွက်မှုကင်းရှင်းရန်နှင့်  တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသော စီရင်ချက်များ ချမှတ်သည့်  တရားသူကြီးများကို  အပြစ်ပေး
သင့်ကြောင်း အကြုံပြုချက်များ ပါဝင်သည်။

          ကော်မတီအနေဖြင့် အစီရင်ခံစာများ တင်သွင်းခြင်း၊ ကွင်းဆင်းလေ့လာမှုများ၊ တိုင်စာ၊ အသနားခံစာများကို စိစစ်ဆောင်
ရွက်ခဲ့သည့် ၈ လတာ ကာလအတွင်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ပြီး ၎င်းတို့၏ကွင်းဆင်းလေ့လာချက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အကြံပြုခြင်း၊ မှတ်ချက်ပြုခြင်း၊ ဥပဒေနှင့် ညီမညီ ဝေဖန်ထောက်ပြခြင်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများကသာ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်
ရှိကြောင်း အဆိုပါကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment