ဧပြီလ ၂၅
ရက်နံနက်ပိုင်းတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်း
သေနတ်ပစ်ဖောက် ဟန့်တား ခဲ့သည့် ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သတ်၍
ပြည်ထဲရေးဝန်ကြီးဌာနမှ ဧပြီလ ၂၅ ရက်နေ့ ညနေပိုင်းတွင် နိုင်ငံပိုင်မီဒီယာမှ
တစ်ဆင့် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ
သတင်းထုတ်ပြန်ချက်တွင် အောင်စိုး၊ ကိုထက် (ရန်ကုန်ပြည်သူ့အကျိုးဆောင်
ကွန်ရက်)၊ သောင်းထက်ဦး (ရန်ကုန် ဝိဇ္ဇာ - သိပ္ပံကျောင်းသားသမဂ္ဂအဖွဲ့)၊
မိုးကြိုးပြင် အလယ်ရွာနေ ဇော်နိုင်နှင့် ဝင်းကျော်တို့မှဦးဆောင်၍
ဇီးကုန်းရွာနှင့် မိုးကြိုးပြင်ရွာတို့မှ ရွာသူရွာသား ၃၀ ခန့်တို့ဖြင့်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာလုပ်ကွက် အမှတ်(၈)၊ MCC
၏မြောက်ပိုင်းယာခင်းအား ဝင်ရောက်ထွန်ယက်ခဲ့ရာ ဆားလင်းကြီးမြို့နယ်
ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဆားလင်းကြီး မြို့နယ်ဒုတိယ
အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့က သွားရောက်တားမြစ်ခဲ့ရာတွင် ရွာသူ၊ ရွာသား
၇၀ ခန့် ထပ်မံရောက်ရှိလာပြီး ထွန်ယက်နေသူများကို တားမြစ်နေသည့်
ဒုတိယအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့အား ဝိုင်းဝန်းထားသဖြင့်
မြို့နယ်ရဲတပ်ဖွဲ့မှ ပြန် လည် ကယ်ထုတ်ခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏
သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။
အလားတူပင် နံနက် ၈
နာရီ မိနစ် ၄၀ ခန့်တွင်လည်း ရွာသူရွာသား (၇၀)ခန့်နှင့်
ရန်ကုန်ပြည်သူ့အကျိုးဆောင် အဖွဲ့မှ အဖွဲ့ဝင်အချို့တို့သည် စီမံကန်းဧရိယာ
လုပ်ကွက်အမှတ်(၈)တွင် စုဝေးနေခဲ့သည့်အတွက် မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးမှ
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာဖြစ်၍
ဝင်ရောက်ထွန်ယက်ခြင်းမပြုရန် တားဆီးခဲ့သော် လည်း လူစုမကွဲသည့်အပြင်
ရွာသူရွာသားများမှ ခဲများဖြင့် ပြန်လည်ပစ်ပေါက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သက်ဆိုင်ရာမှ လိုက်လံဖမ်းဆီးရာတွင် သုံးဦးဖမ်းဆီးရမိခဲ့ပြီး
လူစုလူဝေးမှာမူ ခဲများဖြင့်ဆက်လက် ပစ်ပေါက်နေသည့်အတွက် လူစုခွဲရန်
ကြေညာပြီး သေနတ်ဖြင့်မိုးပေါ် ထောင်ဖောက်ခဲ့သောအခါမှသာ
လူစုကွဲသွားခဲ့ကြောင်းသိရသည်။ အဆိုပါဖြစ်စဉ်တွင်လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀
ဦးခန့် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထို့ပြင် နံနက် ၁၀
နာရီဝန်းကျင်ခန့်တွင် ရွာသူရွာသားနှစ်ရာခန့်မှ တုတ်၊ ဓား၊ ကျောက်ခဲများ
ကိုင်ဆောင်၍ ဖမ်းဆီး ထားသူများအား ပြန်လည်ခေါ်ဆောင်ရန်အတွက်
လုပ်ကွက်အမှတ်(၈) MCC ၏အရှေ့ဘက်သို့ ရောက်ရှိလာရာတွင် ခရိုင်ရဲ
တပ်ဖွဲ့မှူးမှလူစုခွဲရန် ကြေညာခဲ့သော်လည်း ရွာသူရွာသားများမှ
ရဲတပ်ဖွဲ့ဝင်များကို တုတ်၊ ဓားများဖြင့် စတင်တိုက်ခိုက်ခဲ့ရာ
ရဲတပ်ဖွဲ့ဝင်များက ရိုင်ဖယ်သေနတ်ဖြင့် မိုးပေါ်သို့ ခြောက်လှန့်
ပစ်ဖောက်ခဲ့သော်လည်း ရွာသူရွာသားများမှ ရပ်တန့်သွားခြင်း မရှိဘဲ ပလက်စတစ်
ရေသန့်ဘူးအတွင်း ဓါတ်ဆီထည့်ကာ ကြိုးဖြင့် မီးစာလုပ်ထားသည့်
မီးလောင်ဗုံးများဖြင့် ပစ်ပေါက် လာခြင်း၊ ရွာသားသုံးဦးက
ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းတို့ကို
ပြုလုပ်လာခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များ မှ ရာဘာကျည်ဖြင့်
သုံးချက်ပစ်ခတ်ခဲ့ရာ ၁၀ နာရီ ၄၀ မိနစ်တွင် လူစုကွဲသွားခဲ့ကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့သည်။
ထိုကဲ့သို့ ဒေသခံလယ်သမားများနှင့်
ရဲတပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်ကြောင့် ရွာသားသုံးဦး
နှင့် ရဲတပ်ဖွဲ့ဝင် ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ မင်းမဲ့စရိုက်ဆန်စွာ
လုပ်ဆောင်သူများကို ထိရောက်စွာ အရေးယူဆောင်ရွက် နိုင်ရန်
စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း
သိရှိရသည်။
No comments:
Post a Comment