Saturday, April 27, 2013

တိုင်းရင်းသားမီဒီယာဖွံ့ဖြိုးရေး ညီလာခံတစ်ရပ်ကျင်းပပြုလုပ်

တိုင်းရင်းသားတို့၏ မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် တိုင်းရင်းသားမီဒီယာ ညီလာခံကို ဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ Mawlamyine Strand Hotel ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

 ယခုကဲ့သို့ တိုင်းရင်းသားမီဒီယာ ညီလာခံ ကျင်းပပြုလုပ်ရခြင်းမှာ တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ပြည့်စုံ၍ ဒီမိုကရေစီ နည်းလမ်းကျသည့် မီဒီယာဥပဒေတစ်ရပ် ပေါ်ထွန်းလာနိုင်ရေး၊ တိုင်းရင်းသား ဒေသအသီးသီးတွင် ဘက်စုံမာလ်တီ မီဒီယာများ ပေါ်ထွန်းလာရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသားမီဒီယာတို့၏ အခန်းကဏ္ဍ မြင့်မားလာနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် တိုင်းရင်းသားမီဒီယာတစ်ခု ပေါ်ပေါက်လာပါကပံ့ပိုးမှုများပြုလုပ်ရန်၊တိုင်းရင်းသားမီဒီယာများ ၏ ပကတိအသွင်သဏ္ဍာန် ဖြစ်ထွန်းပေါ်ပေါက်လာနိုင်ရန်၊ အဆိုပါညီလာခံမှတစ်ဆင့် တိုင်းရင်းသားအရေး၊ အမျိုးသားရေးကို တစ်ညီ တစ်ညွှတ်တည်း အသံတစ်သံတည်း ထွက်မည့် တိုင်းရင်းသား မီဒီယာအဖွဲ့ကြီး ပေါ်ပေါက်လာနိုင်ရေးတို့အတွက် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ညီလာခံကို နိုင်ငံတကာမြန်မာ့သတင်း(BNI)မှ ဦးဆောင်ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် အပါအ၀င် ပြည်ထောင်စုဝန်ကြီးများ၊ အစိုးရပြန်ကြားဌာနမှ တာဝန်ရှိသူများ၊ စာနယ်ဇင်းကောင်စီ(ယာယီ)မှ တာဝန်ရှိသူများ၊ နိုင်ငံတကာ မီဒီယာကျွမ်းကျင်သူများ၊ တိုင်းနှင့် ပြည်နယ်များမှ တိုင်းရင်းသားမီဒီယာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။

No comments:

Post a Comment