Friday, April 26, 2013

တစ်ပတ်အတွင်း မြန်မာ့နိုင်ငံရေးသတင်းဖြစ်စဉ်

ယခုတစ်ပတ်အတွင်း ထင်ရှားသော နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲများကို အများပြည်သူတို့ သိစေရန်အလို့ငှာ YC အဖွဲ့သားများမှ စုစည်းတင်ပြလိုက်ရပါသည်။
 သတင်းအဖွဲ့

                                              Photo Credit By Online

ဧပြီလ ၂၂ ရက်နေ့က ကျင်းပသော အီးယူနိုင်ငံခြားရေးရာကောင်စီ အစည်းအဝေးပွဲတွင် ဥရောပသမဂ္ဂမှ မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများအား လက်နက်ရောင်းဝယ်ခြင်းမှအပ အားလုံးကိုရုတ်သိမ်းပေးရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ သည်။
ထိုသို့ အီးယူမှ ဆုံးဖြတ်ချက်ချအပြီး ဧပြီလ ၂၃ ရက်နေ့တွင် နိုင်ငံသားအကျဉ်းသား ၉၀ ဦးနှင့် နိုင်ငံခြားသား ၃ ဦး၊ စုစုပေါင်း ၉၃  ဦးကို နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သည်။ ထိုအထဲတွင် နိုင်ကျဉ်း ၅၉ ဦး ပါဝင်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)မှ ပြောကြားချက်အရသိရသည်။ ယခုကဲ့သို့ လွှတ်ပေးခဲ့ခြင်းမှာ လွတ်မြောက်လာသူများ အနေဖြင့် နိုင်ငံ တည်ဆောက်ရေးတွင် တစ်ခန်းတစ်ကဏ္ဍ ပါဝင်လာစေရန်ဖြစ် သည်ဟု အစိုးရအဖွဲ့မှ ပြောကြားခဲ့သည်။

                                               Photo Credit By Online

ထို့ပြင် ICG (International Crisis Group)မှ သမ္မတဦးသိန်းစိန်အား ငြိမ်းချမ်းရေးအကျိုးဆောင်ဆု(In Pursuit of Peace Award)ကို ဧပြီ ၂၃ ရက်က ပေးအပ်သည့် အခမ်းအနားသို့ သမ္မတကြီးကိုယ်စား သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တက်ရောက်ဆုလက်ခံခဲ့ကာ သမ္မတကြီးကဗွီဒီယိုမိန့်ခွန်း ပြောကြားခဲ့သည်။ ထိုအချိန်တွင်ပင် Human Right Watch အဖွဲ့က မနှစ်ကဖြစ်ပွားသော ရခိုင်ပဋိပက္ခနှင့် ပြီးခဲ့သောလကဖြစ်ပွားခဲ့သော မိတ္ထီလာကိစ္စတို့တွင် လူ့အခွင့် အရေးချိုးဖောက်မှုနှင့်ပတ်သက်၍ အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာပါ အကြောင်းအရာများမှာ တစ်ဖက်သတ် အမြင်များဖြင့် ရေးသားထားသောကြောင့် မြန်မာအစိုးရမှ လက်မခံကြောင်း ပြတ်သားစွာ ငြင်းဆိုခဲ့သည်။
ယင်း ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ ရခိုင်အရေးစုံစမ်းစစ်ဆေးရေး ကော်မရှင်မှ အစီရင်ခံစာအား ဧပြီလ ၂၂ ရက်နေ့ က သမ္မတထံသို့တင်ပြခဲ့ပြီး ဧပြီလ နောက်ဆုံးပတ်တွင် ပြည်သူများ သိရှိစေရန်အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ ထိုအစီရင်ခံစာတွင် ပဋိပက္ခ ထပ်မံမဖြစ်ပွားရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးတို့အတွက် အကြံပြုချက်များ ထည့်သွင်းဖော်ပြထားသည်ဟု သိရသည်။

ပြည်တွင်း ငြိမ်းချမ်းရေး
ပြီးခဲ့သောလက ကေအိုင်အိုနှင့်ဆွေးနွေးပွဲပြုလုပ်ရန် စီစဉ်ပြီးကာမှ ဆွေးနွေးပွဲပျက်သွားရခြင်းမှာ တရုတ်အစိုးရမှ ကန့်ကွက်၍ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်းက ပြောကြားခဲ့ကြောင်း သိရ သည်။ သို့သော်လည်းငြိမ်းချမ်းရေး တည်ဆောက်ရေးလုပ်ငန်းစဉ်မှာ သေချာပေါက် ဆက်လက်လုပ်ဆောင်ရမည် ဖြစ်ပေရာ မေလထဲတွင် ကေအိုင်အိုနှင့် ဆွေးနွေးပွဲဖြစ်မြောက်အောင် စီစဉ်မည်ဟု သိရသည်။
တန့်ယန်းမြို့နယ်တွင် အစိုးရတပ်နှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP/SSA တို့အကြား စစ်အရှိန်မြင့်တက် နေသည့်အတွက် စစ်ဘေးရှောင်ဒုက္ခသည် တစ်ထောင်နီးပါး နေအိမ်ပစ်ထွက်ပြေးနေရသည်မှာ တစ်လခန့်ကြာမြင့်နေပြီး ဖြစ်ကြောင်း တန့်ယန်းမြို့ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းလွင်က ပြောသည်။ အစိုးရတပ်နှင့် ရှမ်းပြည် မြောက်ပိုင်းတပ်မတော်တို့သည် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားပြီး ဖြစ်သော်လည်း ဖေဖော်ဝါရီလအတွင်းမှစတင်၍ ကျောက်မဲ၊ နမ္မတူနှင့် တန့်ယန်းမြို့နယ်အတွင်းတွင် တိုက်ပွဲများပြန်လည် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

အကန့်အသတ်များနှင့် ၁၅၀၀ တန်ဖုန်း

                                               Photo Credit By Online

ဧပြီလ ၂၄ ရက်နေ့က တန်ဖိုးနည်း ၁၅၀၀ ကျပ်တန်ဖုန်း ကြိုတင်ကြေညာထားသည့်အတိုင်း ထွက်ရှိခဲ့သည်။ သို့သော်လည်း ဖုန်းအလုံးရေ အကန့်အသတ်နှင့်ဖြစ်သောကြောင့် မှောင်ခိုဈေးကွက် မဖြစ်ပေါ်စေခြင်းငှာ လျှောက်ထားလို သူများမှာ အိမ်ထောင်စုစာရင်းနှင့် မဲနှိုက်၍ဝယ်ယူကြရသည်။ သို့သော်လည်း အပြင်ပေါက်ဈေးမှာ သုံးသောင်းမှ ခြောက် သောင်းကြားအထိ ရှိနေကြောင်းလည်း သိရသည်။ ၁၅၀၀ တန် CDMA 800 ဖုန်းအတွက် ငွေဖြည့်ကတ်ကိုလည်း တပ်မတော်ပိုင် MECTel မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ သီးသန့်ထုတ်လုပ်ပြီး သတ်မှတ်ထားသော မိုဘိုင်းဖုန်းအရောင်း ဆိုင်များတွင် လက်လီဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။ နောက်လာမည့်လများတွင် တန်ဖိုးနည်းဖုန်းများကို ထပ်၍ ချပေးမည် ဖြစ်ကြောင်း ကြေညာပြောဆို ထားသော်လည်း နောက်လ မည်သည့်ရက်တွင် ထပ်မံထုတ်ပေးမည်ဖြစ်ကြောင်း အတိအကျ မသိရသေးပေ။ ဖုန်းကတ်များပျောက်ဆုံးလျှင် ငွေကျပ်နှစ်သောင်းဖြင့် ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး ပျက်စီးပါက အခမဲ့ လျှောက်ထားနိုင်သည်ဟုလည်း ထုတ်ပြန်ကြေညာ ထားပါသည်။ ထို့အပြင် ဆက်သွယ်ရေး ဝန်ဆောင်မှုအတွက် တင်ဒါ ခေါ်ယူထားသော ကုမ္ပဏီများမှ ဆန်ခါတင် ရွေးချယ်လိုက်ပြီဖြစ်သော ကုမ္ပဏီ ၁၂ ခု၏စာရင်းလည်း ပေါ်ထွက်လာပြီဖြစ်ရာ Sim Card များကို နိုင်ငံတကာနည်းတူ ပြည်သူများပေါပေါများများ သုံးစွဲနိုင်မည့်အချိန် မလွဲဧကန် ရောက်ရှိလာမည် ဖြစ်သော်လည်း စိတ်ရှည်ရှည်ထား စောင်းဆိုင်းဖို့တော့ လိုပါသည်။
တကျော့ပြန်လာပြန်သော လက်ပံတောင်း
                                           Photo Credit By Facebook

ဧပြီလ ၂၄ ရက်နေ့မှစတင်၍ ယနေ့ ဧပြီ ၂၆ ရက်နေ့အထိ လက်ပံတောင်းတောင်တွင် ရဲများနှင့် လယ်သမားများ ရုန်းရင်းဆန်ခတ်ဖြစ်မှု ထပ်မံဖြစ်ပေါ်သည်။ လက်ပံတောင်းတောင် အစီရင်ခံစာထွက်အပြီး ဆူဆူပူပူဖြစ်ခဲ့သော လက်ပံ တောင်းတောင်အရေးမှာ မိတ္ထီလာပဋိပက္ခများ ဖြစ်ပွားချိန်တွင် ငြိမ်သက်သလိုရှိသွားသော်လည်း ယခု တကျော့ပြန်၍ တင်းမာ မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုသို့ဖြစ်ပွားသည်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော နယ်မြေ(8 MCC) လုပ်ကွက်အတွင်း ရွာသူရွာသားများကစုရုံးကာ ဝင်ရောက်ထွန်ယက်မှုများ ပြုလုပ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်များက တားမြစ်သည်တွင် နှစ်ဖက် တင်းမာလာကာ ရွာသားများဘက်မှ ဓာတ်ဆီထည့်၍ မီးစာတပ်ထားသော ပလတ်စတစ် ရေသန့်ဗူးများနှင့် ပစ်ပေါက်ခြင်း၊ ရဲသားများဘက်မှ ရာဘာကျည်ဖြင့် ပစ်ရခတ်ရခြင်းအထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် ရဲသား ၁၅ ဦးနှင့် အရပ်သား ၃ ဦးတို့ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်းသိရသည်။ ယင်းဖြစ်စဉ်အား ဦးဆောင်သူများမှာ ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ယက်မှ ကိုထက်၊ အောင်စိုး၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံ ကျောင်းသားများ သမဂ္ဂအဖွဲ့မှ သောင်းထိုက်ဦး၊ မိုးကြိုးပြင်အလယ်ရွာနေ ဇော်နိုင်နှင့် ဝင်းကျော်တို့ ဖြစ်ကြသည်ဟု နိုင်ငံပိုင်သတင်းများတွင် ဖော်ပြထားသည်။
မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံရှေ့ဆက်သွားရမည့် ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်များတွင် ဤသို့သော ကိစ္စရပ်များ အတတ်နိုင်ဆုံး အဆင်ပြေဆုံး win-win နည်းဖြင့် ဖြေရှင်းနိုင်ရန် အစိုးရအဖွဲ့ရော ပြည်သူများကပါ ဝိုင်းဝန်း စဉ်းစား ဖြေရှင်းကြရမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

No comments:

Post a Comment