Wednesday, May 22, 2013

နိုင်ငံတော်သမ္မတ၏ အဆိုပြုချက်အရ ပထမဆုံးအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူ

နိုင်ငံတော်သမ္မတ၏ အဆိုပြုချက်အရ ပထမဆုံးအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကို မေလ ၂၀ ရက်နေ့ စတင်ခေါ်ယူကျင်းပခဲ့ပြီး ထို့ကဲ့သို့ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူ မှုသည် လွှတ်တော် သက်တမ်း နှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရှိရသည်။

မေလ ၂၀  ရက်နေ့က  ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်စည်းအဝေးတွင် သာသနာရေးဝန်ကြီးဌာန၊  ပြည်ထောင်စု
ဝန်ကြီး ဦးဆန်းဆင့်မှ “ နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ( ၁/၂၀၁၃) အရေးပေါ် အခြေအနေကြေညာခြင်းကို လွှတ်တော်မှ အတည်ပြုပေးရန်” အဆိုကို တင်သွင်းခဲ့သည်။

မိတ္ထီလာခရိုင်အတွင်းတည်ငြိမ်းအေးချမ်းမှု ပျက်ပြားစေမည့် အခြေအနေများကို ထိန်းသိမ်းရန် ၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက်က မိတ္ထီလာမြို့တွင်  ရပ်ကွက်အတွင်းပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းခဲ့ပြီး နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေ ပုဒ်မ ၂၁၂၊ ပုဒ်မခွဲ(ခ) အရ “ နိုင်ငံတော်သမ္မတသည် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို ရုတ်သိမ်း ခြင်းမရှိလျှင် ယင်းအမိန့်ထုတ်ပြန်သည့်နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်းကျင်းပသော အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့တင်ပြ၍ အတည် ပြုချက်ရယူရမည်ဖြစ်ကြောင်း၊ ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပခြင်း မရှိပါက ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးခေါ်ယူ ကျင်းပ၍ အတည်ပြုချက်ရယူရမည်” ဟူသော ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၂ ပုဒ်မခွဲအရ နိုင်ငံတော်သမ္မတက ထုတ်ပြန်ခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အား မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ် နှင့်သာစည်မြို့နယ်များတွင် မူလအခြေနေအတိုင်း တည်ငြိမ်မှုရသည်အထိ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အဖြစ် ဆက်လက်တည်ရှိနေစေရန်အတွက် ပြည်ထောင်စုလွှတ်တော် မှအတည်ပြုပေးပါရန် နိုင်ငံတော်သမ္မတကိုယ်စား သာသနာရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် က အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုအား ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေးအတည်ပြုပေးရန် သဘောတူညီမှုရှိခဲ့ပြီး မေလ ၂၁ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးသိန်းညွှန့်၊ ဒေါက်တာစိုးရင်၊ ဦးဝင်းထိန်၊ ဦးမြင့်စိုး၊ ဦးဝင်းမြင့် တို့မှ ဆွေးနွေးသွားမည်ဖြစ်သည်။

ထို့သို့ဆွေးနွေးမှုနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် နာယကဦးခင်အောင်မြင့်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အခြေအနေများ ဆက်လက်မပေါ်ပေါက်စေရေးနှင့် လွှတ်တော်၏လုပ်ငန်းစဉ်များ မြန်ဆန်ချော့မွေစွာ ပြီးမြောက် နိုင်ရေးအတွက် သုံးသပ် ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။

မေလ ၂၁ ရက်တွင် နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) အရေးပေါ် အခြေအနေကြေညာခြင်းအဆိုကို ဆွေးနွေးအတည်ပြုပြီးနောက် ပြည်ထောင်စု လွှတ်တော်အစည်း အဝေးများကို မေလ ၂၁ ရက်တွင် ရုတ်သိမ်းသွားမည်ဖြစ်သည်။

No comments:

Post a Comment