Wednesday, May 15, 2013

ဝါရှင်တန်တွင် မြန်မာသမ္မတ မိန့်ခွန်းပြောမည်

(AFP မှ 15.5.2013 ရက်စွဲပါ “Myanmar president to speak in Washington” သတင်းကို ဘာသာပြန်ဆိုသည် )

မြန်မာနိုင်ငံမှ ပြောင်းလဲမှုများကို အမေရိကန်ပြည်ထောင်စုက အားပေးနေသည့်အလျှောက် ပေါ်ထွက်လာသော ဝါရှင်တန်ခရီးစဉ်အတွင်း တနင်္လာနေ့ ဝါရှင်တန်တွင် မြန်မာ့ပြုပြင် ပြောင်းလဲရေးဝါဒီသမ္မတက မိန့်ခွန်းပြောကြားမည်ဟု အိမ်ရှင် အမေရိကန်တို့က ဆိုပါသည်။

သမ္မတဦးသိန်းစိန်သည် တနင်္လာနေ့တွင် Johns Hopkins တက္ကသိုလ်၏ School of Advanced International Studies နှင့်အကြီးဆုံးစီးပွားရေးအသင်း US Chamber of Commerce တို့တွင် မိန့်ခွန်းပြောကြားလိမ့်မည်ဟု အဖွဲ့အစည်း နှစ်ခုလုံးမှ ပြောရေးဆိုခွင့်ရှိသူများက ပြောကြားသည်။

၁၉၆၆ ခုနှစ်က သမ္မတလင်ဒန်ဂျွန်ဆန်၏ ဖိတ်ကြားမှုဖြင့်လာရောက်သော မြန်မာအာဏာရှင်ခေါင်းဆောင် ဦးနေဝင်း ၏နောက်ပိုင်း မြန်မာအကြီးအကဲအနေဖြင့် ဝါရှင်တန်သို့ပထမဦးဆုံးလာရောက်လည်ပတ်သည့်  သမ္မတဦးသိန်းစိန်သည် ယခု ခရီးစဉ်တွင် အမေရိကန်သမ္မတ အိုဘားမားနှင့်လည်း တွေ့ဆုံ မည်ဟု မျှော်လင့်ရသည်။

အဆိုပါခရီးစဉ်နှင့် ပတ်သက်၍ ယခုလအစောပိုင်းတွင် AFP က သတင်းဖော်ပြခဲ့ပြီးနောက် ပြီးခဲ့သော တနင်္လာနေ့ တွင် မြန်မာ့ရုပ်သံက အတည်ပြုကြေညာခဲ့သော်လည်း ရက်အတိအကျ ဖော်ပြခြင်း မရှိပါ။

ကြာမြင့်စွာ ကြိုတင်ပြင်ဆင်ခဲ့ရသော ခရီးစဉ် စတင်တော့မည့်အချိန်တွင် အပူပိုင်းဆိုင်ကလုံး မဟာဆင်သည်လည်း ရိုဟင်ဂျာ ဒုက္ခသည်များ နောက်ဆုံးယာယီတဲများဖြင့်နေထိုင်ရာ ရခိုင်ပြည်နယ်သို့ဝင်ရောက်ရန် တာဆူလျှက်ရှိသည်။

ရိုဟင်ဂျာများအပေါ် ပစ်မှတ်ထားသော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အသစ်တဖန် ထပ်မံအပြစ်တင်နေသည့် လူ့အခွင့်ရေးအုပ်စုများက အမေရိကန်ပြည်ထောင်စုသည် မြန်မာအာဏာပိုင်များအပေါ် ဖိအားကိုဆက်ထိန်းမထားဘဲအလျှော့ပေးမှု
မြန်လွန်းနေသည်ဟု ထောက်ပြဝေဖန်လျှက်ရှိသည်။

Human Rights Watch ၏ နောက်ဆုံးအစီရင်ခံစာ တစ်စောင်တွင် “မြန်မာနိုင်ငံ၌ ရိုဟင်ဂျာတို့ လူမျိုးတုံး သန့်စင်မှု ပြုလုပ်နေကြောင်း” စွပ်စွဲတင်ပြထားသည်။

သို့သော်လည်း အိုဘားမားအစိုးရက သမ္မတဦးသိန်းစိန်၏ အတူယှဉ်တွဲနေထိုင်ရေး သဘောထားကို ချီးကျူးကြိုဆို ခဲ့ပြီး၊ ၎င်းပြဿနာများသည် ဆိုးဝါးသော်ငြားလည်း ဦးသိန်းစိန်လက်ထက် မတိုင်မီကပင် ရှိခဲ့သည်ဟု စောဒကတက်ထား သည်။

ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သူ ဦးသိန်းစိန်သည် အာဏာရပြီး၊ လအနည်းငယ်အကြာတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီကို တရားဝင်နိုင်ငံရေး လှုပ်ရှားခွင့်ပြုခြင်း၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း၊ လူထုကန့်ကွက်သော မြစ်ဆုံ
တမံကို ရပ်ဆိုင်းခြင်း၊ အာဏာရှင်ဟောင်းများနှင့် ခရိုနီများက တိတ်တိတ်ပုန်းကြိတ်၍ ဟန့်တားခဲ့ကြသော  တန်ဖိုးနည်းမိုဘိုင်းဖုန်း
အစီအစဉ်ကို ဖြစ်မြောက်အောင် အကောင်အထည်ဖော်ခြင်း တို့ဖြင့် ပြစ်တင်ဝေ ဖန်သူများကို ဆက်တိုက်အံ့အား သင့်စေခဲ့သည်။

မြန်မာနိုင်ငံ၏ ပြောင်းလဲမူကိုအားပေး ထောက်ခံရန် ကတိပြုထားသော အိုဘားမားအစိုးရကလည်း ထင်သာမြင်သာ အပြောင်းအလဲများကို အသိအမှတ်ပြုသည့်အနေဖြင့် ယခင်ချမှတ်ထားသော sanctions များကို ဆက်တိုက်ဖြေလျှော့ ရုတ် သိမ်းပေးလျှက်ရှိသည်။         

No comments:

Post a Comment