Wednesday, May 15, 2013

ထားဝယ်စီမံကိန်းအတွက် အထူးလုပ်ငန်းအဖွဲ့ထူထောင်ရန် မြန်မာနှင့် ထိုင်း စီစဉ်

(Bangkok Post မှ 12 May 2013 ရက်စွဲပါ Myanmar-Thai SPV to run Dawei ops ကိုဘာသာပြန်ဆိုသည်)

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တို့ကို စီမံခန့်ခွဲရေးအတွက် အထူးစီမံချက် လုပ်ငန်းအဖွဲ့(SPV) တစ်ရပ် ဖွဲ့စည်းရန် လာမည့် မေလ ၂၇ ရက်နေ့တွင် မြန်မာနှင့် ထိုင်းနိုင်ငံတို့ သဘောတူလက်မှတ် ရေးထိုးမည်ဖြစ်သည်။

အဆိုပါ သဘောတူလက်မှတ် ရေးထိုးပွဲကို မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အဆင့်မြင့်ပုဂ္ဂိုလ်များ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဆွေးနွေးပွဲ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ် ရုံးဝန်ကြီး Niwatthamrong Bunsongphaisan ကပြောကြားသည်။ ယင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ထိုင်းဘဏ္ဍာရေးဝန်ကြီး Kittirat Na Ranong တို့က ပူးတွဲကြီးမှူးကျင်းပပေးမည်ဖြစ်သည်။

SPV ကို ဦးပိုင်ကုမ္ပဏီတစ်ခုအဖြစ် တည်ထောင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် မြန်မာအမျိုးသားစီမံကိန်းနှင့် စီပွားရေးဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် အဖွဲ့အစည်းတစ်ခုတို့က စီမံအုပ်ချုပ်သွားမည်ဖြစ်သည်။

SPV တည်ထောင်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း အထူးစီမံချက် ကုမ္ပဏီ(SPC)များကိုလည်း ယင်းအဖွဲ့ လက်အောက်တွင် ထူထောင်သွားမည်ဖြစ်ကာ လမ်းများ၊ ရေနက်ဆိပ်ကမ်းများနှင့် အခြားသော စီမံကိန်းကြီးများတွင် ရင်းနှီး မြှုပ်နှံရေးကို စီစဉ်လုပ်ကိုင် သွားမည်ဖြစ်သည်။ အဆိုပါစီမံကိန်းများကို ထိုင်းနှင့် အခြားသောနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများ က ငွေကြေးပံ့ပိုးပေးရန် စီစဉ်ထားသည်။

SPV အဖွဲ့တွင် ပူးပေါင်းပါဝင် လုပ်ကိုင်နိုင်ရေးအတွက် အခြားသော နိုင်ငံနှစ်နိုင်ငံကိုလည်း ဖိတ်ခေါ်ရန် စီစဉ်ထားသည်။ သို့သော် မည်သည့်နိုင်ငံများကို ခေါ်ယူမည်ဟူသည့် အချက်ကို ဆုံးဖြတ်မှု မပြုလုပ်ရသေးပေ။

SPV သည် ထိုင်းနိုင်ငံ၏  အကြီးဆုံးဆောက်လုပ်ရေး လုပ်ငန်းကြီးဖြစ်သည့် Italian-Thai Development Plc အတွက် စီမံခန့်ခွဲမှုဆိုင်ရာ လိုက်လျောချက် ရယူသွားမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ Italian-Thai အနေဖြင့် လမ်းနှင့်ဆိပ်ကမ်းများ ဖောက်လုပ်တည်ဆောက်ရေး အပါအဝင် အခြေခံ အဆောက်အဦး ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း Mr Niwatthamrong ကပြောကြားသည်။

No comments:

Post a Comment