Thursday, May 16, 2013

မုန်တိုင်းရှောင်ရန် ငြင်းဆန်သူများကို အရေးယူမည်

သဘာဝ ဘေးအန္တရာယ် ကျရောက်နိုင်သော ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား ဘေးလွှတ်ရာသို့ ရွေ့ပြောင်းပေး ရာတွင်ပြောင်းရွေ့ရန် ငြင်းဆန်သူများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း မေလ ၁၅ ရက်နေ့တွင် Myanmar Peace Center ၌ပြုလုပ်ကျင်းပခဲ့သော မုန်တိုင်းအကြို ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်  ကာကွယ်ရေး  သတင်းစာရှင်းလင်းပွဲတွင်  သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက
ပြောကြားခဲ့သည်။ 

ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ် သင့်နိုင်သည့်ဒေသများမှ ဘင်္ဂါလီဒုက္ခသည်များအား ပြောင်းရွေ့ရာတွင် အချို့သောဒုက္ခသည်များမှာ ပြောင်းရွေ့ရန် ငြင်းဆန်လျက်ရှိသည့်အတွက် ထိုသို့ ငြင်းဆန်သူများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

အဆိုပါ  ဒုက္ခသည်များအနေဖြင့်  ထိုသို့ပြောင်းရွှေ့ပေးရန်  ငြင်းဆန်ရခြင်းမှာ   ဝေးလံခေါင်သီသော  ဒေသများသို့
ရွေ့ပြောင်း ရမည်ဟုထင်မှတ်ခြင်း၊ မူလနေရပ်သို့ ပြန်လည်မရောက်မည်ကို စိုးရိမ်ခြင်း စသည့်အချက်များကြောင့် ဖြစ်ကြောင်း ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့မှ အစ္စလာမ်ဘာသာအကြီးအကဲတစ်ဦးဖြစ်သူ ဦးအေးလွင်က ပြောကြားခဲ့သည်။

သို့သော်လည်း ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မုန်တိုင်းဒဏ်ခံရနိုင်သော ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို လုံခြုံစိတ်ချသောနေရာသို့ ပြောင်းရွေ့မည့်အစီစဉ်အား ဘင်္ဂါလီဒုက္ခသည်အချို့မှငြင်းဆန်ခဲ့သော နောက်ကွယ်တွင်ရန်ကုန်မြို့ အခြေစိုက် ကြိုးကိုင်လှုံဆော်နေသောသူများ ရှိနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလီသိန်းက ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတအနေဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွေ့ရမည့် ဒုက္ခသည်များနှင့်ပတ်သတ်၍ ဒုက္ခသည်များ၏ လုံခြုံရေးအားအပြည့်အဝ တာဝန်ယူခြင်း၊ စာသင်ကျောင်းများတွင် နေရာချထားခြင်းနှင့် မုန်တိုင်းကာလကျော်လွန်ပါက နေရပ် သို့ ပြန်လည်ပို့ဆောင်ပေးခြင်း   စသည့်အာမခံချက်သုံးချက်ကို   ပေးသွားမည်ဖြစ်ကြောင်း   သမ္မတရုံးဝန်ကြီး  ဦးအောင်မင်းက
ပြောကြားခဲ့သည်။

နောက်ဆုံးသုံးသပ်ချက်များအရ ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မေလ ၁၆ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီမှစ၍ တစ်နာရီလျှင် လေတိုက်နှုန်းမိုင် ၆၀-၇၀ ခန့်ဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်းမြို့အားဗဟိုပြု၍ စစ်တွေမြို့ မြောက်ဘက် ပိုင်းမှ ဖြတ်သန်းသွားမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင်များက ၁၅ ရက်နေ့ ညနေ ၇ နာရီတွင် ပြောကြားထားခဲ့ပြီး လက်ရှိအချိန်တွင် အဆိုပါမုန်တိုင်းမှာ လေကြောင်းပြောင်းလဲ၍ ဘင်္ဂလားဒေ့ရှ်တောင်ဘက် ကမ်းခြေ Barisal Division – Barisal မြို့တောင်ဘက် ၆၂ မိုင်ခန့်အကွာအား ဖြတ်ကျော်၍ ကုန်တွင်းသို့ဝင်ရောက်ကာ ကုန်တွင်းမုန်တိုင်အဖြစ် ဆက်လက် တည်ရှိနေပြီး မကြာမီလေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ရောက်ရှိကာ အားပျော့ပျက်ပြယ်သွားတော့မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment