Thursday, May 16, 2013

နိုင်ငံတော်သမ္မတ၏ ဝါရှင်တန်ခရီးစဉ်တွင် စီးပွားရေးအကျိုးအမြတ်များ ရနိုင်ဖွယ်ရှိ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မကြာမီကာလအတွင်း အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်သို့ အလုပ် သဘောခရီးစဉ်ဖြင့် သွားရောက်မည်ဖြစ်ရာ အဆိုပါခရီးစဉ်သည် မြန်မာနိုင်ငံအတွက် စီးပွားရေးအကျိုးအမြတ် များစွာရရှိလာ
နိုင်ဖွယ်ရှိကြောင်း ပြည်တွင်းပြည်ပ စီးပွားရေးကျွမ်းကျင်သူများက သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခေါင်းဆောင်တစ်ဦးအနေဖြင့်  ပြည်ပနိုင်ငံများသို့ သွားရောက်ခြင်းသည် နှစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် အပြန်အလှန်ယုံကြည် နားလည်မှု တိုးတက်လာစေနိုင်ပြီး ယခု နိုင်ငံတော်သမ္မတ၏ အမေရိကန်ပြည်ထောင်စုခရီးစဉ်သည် မြန်မာနိုင်ငံအတွက် စီးပွားရေးဆိုင်ရာအခွင့်အလမ်းများ ရရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်အဖွဲ့ဝင် ဒေါက်တာအောင်ထွန်းသက်က သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့သည် လာမည့် မေလ ၂၀ ရက်နေ့တွင် အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သမ္မတနှစ်ဦး တွေ့ဆုံဆွေးနွေးရာတွင်  မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ လက်ရှိတိုင်းရင်းသား ဒေသများတွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခဖြစ်စဉ် များနှင့်ပတ်သက်၍ ဆွေးနွေးသွားဖွယ်ရှိကြောင်း Asia Society ဒုတိယဥက္ကဋ္ဌ ဆူဇန်နီ ဒီမက်ဂီယိုက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ကိစ္စရပ်များကို အိမ်ဖြူတော်၌ပြုလုပ်မည့် ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေးဖွယ်ရှိနေပြီး သမ္မတဦးသိန်းစိန် အနေဖြင့်လည်း အမေရိကန် ပြည်ထောင်စုမှ စီးပွားရေးလုပ်ငန်းရှင်များ ကို မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန် ဖိတ်ခေါ်သွားဖွယ်ရှိကြောင်း ၎င်းက သုံးသပ်ပြောကြားခဲ့သည်။

သိသာထင်ရှားသော ရလဒ်အနေဖြင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံသဘောတူညီချက် တစ်ရပ်နှင့် သဘာဝပတ်ဝန်းကျင်   ထိန်းသိမ်းစောင့်ရှောက်ရေး  နယ်ပယ်များတွင်  မြန်မာ-အမေရိကန်  နှစ်နိုင်ငံ  ပူးပေါင်းဆောင်ရွက်ရေး
ဆွေးနွေးဖွယ်ရှိကြောင်း ၎င်းက ခန့်မှန်းထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ပြည်ထောင်စုသို့သွားရောက်မည့် ခရီးစဉ်အတွင်း မေလ ၂၀ ရက်နေ့၌ ဝါရှင်တန်မြို့တော်ရှိ  ဂျွန်ဟော့ကင်းတက္ကသိုလ်နှင့်  အမေရိကန်ကုန်သည်ကြီးများ  အသင်းရုံးတို့တွင် မိန့်ခွန်းပြောကြား မည်ဖြစ်
ကြောင်း နှစ်ဖက်အဖွဲ့အစည်းများ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ဖိတ်ကြားချက်အရ ဝါရှင်တန်ခရီးစဉ် ကို သွားရောက်ရန်စီစဉ်ရခြင်းဖြစ်ပြီး ၁၉၉၆ ခုနှစ်နောက်ပိုင်း ၄၇ နှစ်ကြာကာလအတွင်း မြန်မာခေါင်းဆောင်တစ်ဦး၏ ပထမဆုံးတရားဝင် အမေရိကန်ခရီးစဉ်ဖြစ်ကာ ခရီးစဉ်နေ့ရက် အတိအကျကို နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း သိရှိရသည်။

No comments:

Post a Comment