Thursday, May 16, 2013

(KSPP)၏ ဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ ပါတီသစ် တည်ထောင်မည်

ကချင်ပြည်နယ် တိုးတက်ရေးပါတီ(KSPP)၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သူ  ဒေါက်တာတူးဂျာသည် ပါတီသစ်ဖွဲ့စည်း တည်ထောင်ကာ နိုင်ငံရေးဆောင်ရွက်မှုများက ဦးဆောင်၍  ပြုလုပ်သွားမည့်ဖြစ်ကြောင်း  သိရှိရသည်။ ဒေါက်တာတူးဂျာသည် ပြီးခဲ့သည့် ၂၀၁၂ ခုနစ် ဧပြီလ(၁)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော လွှတ်တော်တွင်းလစ်လပ်နေရာ ပြန်လည်ဖြည့်တင်းသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အနေဖြင့် မိုးကောင်းမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားခဲ့ သော်လည်း မိုးကောင်းမြို့နယ်၊ ဖားကန့်မြို့နယ်နှင့်ဗန်းမော်မြို့နယ်တို့တွင် နယ်မြေမတည်ငြိမ်မှုများကိုအကြောင်းပြု၍ အဆိုပါ မဲဆန္ဒနယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပခွင့် ပိတ်ပင်ခဲ့သည့်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရရှိခဲ့ကြောင်း သိရ သည်။ ထို့ကြောင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ယခုကဲ့သို့ ပါတီသစ်ထူထောင်ရခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာတူးဂျာမှ ပါတီသစ် ထူထောင်ရာတွင် နိုင်ငံရေးစိတ်ပါဝင်စားသူများ အားလုံးနှင့်အတူ မြန်မာ့ဒီမိုကရေစီ စံနှုန်းပြည့်ဝစွာဖြင့် တိုင်းရင်းသားလူမျိုးအသီးသီးဖြင့် ပါဝင်ဖွဲ့စည်း တည်ထောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တပ်မတော်အစိုးရမှ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ တွင် ဒေါက်တာတူးဂျာဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် ကချင်ပြည်နယ် တိုးတက်ရေးပါတီ(KSPP)ပါတီအား KIO နှင့် အဆက်အသွယ်ရှိသည်ပာု စွပ်စွဲ၍ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့်အား ပိတ်ပင်ခဲ့သည့်အပြင် KSPP ပါတီမှတစ်သီး ပုဂ္ဂလကကိုယ်စားလှယ်များကိုလည်း ရွေးကောက်ပွဲကော်မရှင်မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုခဲ့ကြောင်း သိရသည်။

ဒေါက်တာတူးဂျာသည် ကချင်လွတ်မြောက်ရေး တပ်မတော်(KIO)မှ နှုတ်ထွက်၍ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP)ကို ဦးဆောင်ဖွဲ့စည်းခဲ့သူ တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ပိုင်းတွင် လက်ရှိလွှတ်တော်တွင်း အင်အားအကြီးဆုံး ပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ဝင်ရန် လျှောက်လွှာတင်သွင်းခဲ့ကြောင်း သိရသည်။

No comments:

Post a Comment