Friday, May 17, 2013

မြန်မာအစိုးရနှင့် ကေအိုင်အိုတို့ ဆွေးနွေးပွဲသို့ တရုတ်တက်ရောက်ရန် မသေချာ

ယခုနှစ် မေလကုန်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌် တွေဆုံနိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိသည့် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIO)တို့၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ တရုတ်အစိုးရအနေဖြင့် တက်ရောက်ပါဝင်နိုင်ရန် သေချာမှုမရှိကြောင်း နှစ်ဖက်နီးစပ်သူများနှင့် တရုတ်သံရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယင်း ဆွေးနွေးပွဲသို့ တရုတ်နိုင်ငံအနေဖြင့် ကိုယ်စားပြုတက်ရာက်နိုင်ရန် တရုတ်သံရုံးသို့ မေလ ၁၄ ရက်နေ့အထိ ဖိတ်ကြားစာ လုံးဝရောက်ရှိလာခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မေလ ၂၅ ရက်နေ့ဝန်းကျင်အတွင်း ကချင်ပြည်နယ်မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် KNU တက်ရောက်ရန်မှာ သေချာမှုရှိကြောင်း KIO မှ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောကြားသည်။

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်အကြား ၂၀၁၂-၂၀၁၃ နှစ်ပိုင်းတွင် တိုက်ပွဲများပြင်းထန်မှုကြောင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရမှ ဖိတ်ခေါ်ခဲ့ရာတွင် KIO မှ တရုတ်နိုင်ငံအား လေ့လာသူအဖြစ် ဖိတ်ကြား၍ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ နှစ်ဖက်ခေါင်းဆောင်များပါဝင်သည့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ကျင်းပပြုလုပ်ကာ စစ်ရေးအရှိန်လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့တွင် အစိုးရနှင့် KIO တို့၏ငြိမ်းချမ်းရေးဆွေးနွေးမှုကို တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ပင် ကျင်းပပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက် ဖိအားပေးမှုများကြောင့် အချိန်ကြန့်ကြာမှုများဖြစ်ပေါ် ကာ နောက်နေ့ကူးသည်ထိတိုင် ဆွေးနွေးပြီး နောက်ဆုံးတွင် အပြီးသတ်သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တရုတ်နိုင်ငံ၏ စွက်ဖက်မှုများကင်းနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတကာလေ့လာစောင့်ကြည့်ရေး အဖွဲ့များအဖြစ် အမေရိကန်၊ ဥရောပနိုင်ငံများနှင့်  ကုလသမဂ္ဂတာဝန်ရှိသူများအား ဖိတ်ခေါ်ကာ ဧပြီလ ၆ ရက်နေ့တွင် နှစ်ဖက်တွေ့ဆုံဆွေးနွေး
မှုကိုကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်ချိန်တွင် တရုတ်နိုင်ငံက ကန့်ကွက်ခဲ့သည့်အတွက် အဆိုပါတွေ့ဆုံဆွေးနွေးမှုကို မေလ ၁၀ ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။

အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီပြီးနောက် ၂၀၁၁ ခုနှစ်ပိုင်းမှစတင်၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်မှာ ဇွန်လ ၉ ရက်နေ့တွင် ၂ နှစ်ပြည့်မြောက်တော့မည်ဖြစ်ပြီး အဆိုပါတိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်းရှိ ဒေသခံဒုက္ခသည်များမှာ လက်ရှိအချိန်ထိတိုင် နေရပ်သို့ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

No comments:

Post a Comment