Friday, May 17, 2013

ဖက်ဒရယ်သည် ခွဲထွက်ရေးမဟုတ်၊ ၂၀၁၅ မတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲအဆင့်သို့ ရောက်ရှိပါက KNU ရွေးကောက်ပွဲဝင်မည်

အပစ်အခတ်များလုံးဝချုပ်ငြိမ်း၍ နိုင်ငံရေးဆွေးနွေးပွဲအဆင့်သို့ ၂၀၁၅ မတိုင်မီ ရောက်ရှိပါက KNU အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း KNU ဗဟိုကော်မတီဝင် ဦးစောလှထွန်းက မေ ၁၄ ရက်နေ့က ပြောကြားခဲ့သည်။

အစိုးရနှင့် KNU  ငြိမ်းချမ်းရေးရရှိရန် အတွက် ဆွေးနွေးရာတွင် အပစ်အခတ်ရပ်စဲရေး အဆင့်သာရှိသေးပြီး ရေရှည်ခိုင်
မာသော ငြိမ်းချမ်းရေးရရှိရန်အတွက် အပြန်အလှန်ယုံကြည်မှုများ တည်ဆောက်ကာ နိုင်ငံရေးအရ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်
ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဦးစောလှထွန်းက ပြောကြားခဲ့သည်။

ဖက်ဒရယ်စနစ် ကျင့်သုံးရန် တောင်းဆိုသည်မှာ ခွဲထွက်ရန်မဟုတ်ဘဲ ပင်လုံစာချုပ်အရ တောင်းဆိုခြင်းဖြစ်ပြီး ဗဟိုအစိုးရနှင့် အာဏာခွဲဝေကျင့်သုံးနိုင်မှသာလျှင် ပြည်နယ်များတွင် တိုးတက်မှုပိုမို အားကောင်းလာနိုင် မည်ဖြစ်သောကြောင့် တောင်းဆိုရခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးရရှိရန်အတွက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို ပြည်နယ်အဆင့်အဖြစ် ဘားအံမြို့၊ပြည်ထောင်စု
အဆင့်ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ ပဲခူးတိုင်းတို့တွင် တိုင်းဒေသကြီးအဆင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အစိုးရနှင့် KNU ထပ်မံတွေ့ဆုံမည့် ဆွေးနွေးမှုသည် ယခုလအတွင်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိပြီး ဆွေးနွေးမှုများကို လည်း နှစ်ဖက်တပ်များမှ  အပြည့်အဝလိုက်နာရန်လိုအပ်ကာ ထိုမှတစ်ဆင့်နိုင်ငံရေးဆွေးနွေးများသို့ ရောက်ရှိ၍ ရွေးကောက်ပွဲ
တွင် ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိကြောင်း KNU ထံမှ သိရှိရသည်။

ထိုကဲ့သို့ နိုင်ငံတော်အစိုးရနှင့် ကရင်အမျိုးအသားစည်းအရုံး (KNU) တို့၏ ထာဝရငြိမ်းချမ်းရေး တည်ဆောက် နေမှုကို ကြိုဆိုထောက်ခံသောအားဖြင့် ထာဝရငြိမ်းချမ်းရေးတည်ဆောက်မှုကြိုဆိုထောက်ခံပွဲကို မြောင်းမြ ကရင်အမျိုးသားစာပေ နှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ပြီး မေလ ၁၆ နေ့က ကျင်းပခဲ့ရာ KNU မှ ဖဒိုမန်းငြိမ်းမောင် ဦးဆောင်သောအဖွဲ့၊ ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ကိုယ်စား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဘဏ္ဍာအခွန်ဝန်ကြီး ဦးဝင်းကိုကို နှင့် နိုင်ငံရေးပါတီများမှ အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

KNU အနေဖြင့် မြန်မာနိုင်ငံအစိုးရအဆက်ဆက်တွင် ငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့သော် လည်း အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှုမရရှိခဲ့ဘဲ ယခု သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် နှစ်ဖက်ပဋိပက္ခများကို နိုင်ငံရေးအရဆွေးနွေးရန် လိုက်လျောခဲ့သောကြောင့်  KNUနှင့် အစိုးရ တို့အကြားထာဝရ တည်မြဲသောငြိမ်းချမ်းရေး ရရှိရန် အစပျိုးနိုင်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment