Friday, May 17, 2013

မြန်မာ-တရုတ် စွမ်းအင်ပိုက်လိုင်းစီမံကိန်း စက်ရုံယူနန်ဒေသခံများထပ်မံဆန္ဒပြ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထိ ပိုက်လိုင်းများမှတစ်ဆင့် ရောက်ရှိလာသောရေနံနှင့်သဘာဝ
ဓါတ်ငွေ့များကို သိုလှောင်ချက်လုပ် ဖြန့်ဖြူးမည့်စက်ရုံနှင့် ပတ်သက်ပြီး ဒေသတိုးတက်ဖွံ့ဖြိုးရေးထက် သဘာဝပတ် ဝန်းကျင်ထိခိုက်မည်ကို စိုးရိမ်သည့်အတွက် ကူမင်းမြို့ခံ နှစ်ထောင်ကျော်က တစ်လ အတွင်းဒုတိယအကြိမ်အဖြစ် မေလ ၁၆ရက်နေ့က ဆန္ဒပြခဲ့ကြောင်းသိရှိရသည်။

အမေရိကန်ဒေါ်လာ သန်းသုံးထောင်ခန့်ကုန်ကျခဲ့သော အဆိုပါစက်ရုံအား လွန်ခဲ့သည့် ၈ နှစ်ခန့်က တရုတ် အစိုးရပိုင်ရေနံကုမ္ပဏီ (CNPC) က တည်ဆောက်ခဲ့ပြီး ယခုလကုန်ပိုင်းတွင် စတင်လည်ပတ်နိုင်ရန် ရည်မှန်း ထားခြင်းဖြစ်သည်။

ဆန္ဒပြသူများထဲမှ နှစ်ဦးကို အာဏာပိုင်များက ခေတ္တထိန်းသိမ်းခဲ့သော်လည်း ဆန္ဒပြပွဲကိုမူ ပိတ်ပင်တားဆီး ခဲ့ခြင်းမရှိကြောင်းနှင့် ကူမင်းမြို့ ဒုတိယမြို့တော်ဝန်မှ ဆန္ဒပြသူများနှင့် တွေ့ဆုံကာ စက်ရုံ၏အကြောင်း ကိုရှင်းပြရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

အဆိုပါစက်ရုံအား သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန်အတွက် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက် ထားသကဲ့သို့ ဒေသတွင်းစီးပွားရေး တိုးတက်လာမည်ဟု အာဏာပိုင်တွေက ကတိပေးပြောကြား ထားခဲ့သော်လည်း ဆန္ဒပြဒေသခံများအနေဖြင့် စီးပွားရေး တဟုန်ထိုးတိုးတက်လာခြင်းထက် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာပြီး ငြိမ်းချမ်းမှုရှိသောလူ့ဘောင်ကိုသာ လိုလားသည်ဟုပြောဆိုခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆန္ဒပြပွဲအား ရဲတပ်ဖွဲ့များက စောင့်ကြည့်ရုံသာကြည့်ခဲ့သော်လည်း အစိုးရဝန်ထမ်းများအနေဖြင့် ဆန္ဒပြပွဲတွင်မပါဝင်ရန်နှင့်အဆိုပါကိစ္စအား ကျယ်ပြန့်အောင်မလုပ်ရန်အတွက် သတိပေးပြောကြားထားကြောင်း သိရှိရသည်။

ထို့အပြင် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစတင်သော ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင်လည်း ပိုက်လိုင်းစီမံကိန်းအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြသော ဒေသခံ ခေါင်းဆောင်တွေကို အာဏာပိုင်တွေက တရားစွဲဆိုထားခဲ့ပြီး ရခိုင်ဒေသ လူမှုအဖွဲ့အစည်းများ အပါအဝင် ကျောက်ဖြူမြို့နယ် ကျေးရွာ ၂၀ မှ ကိုယ်စားလှယ်များက တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာဒေသ နစ်နာမှု များ အတွက် တောင်းဆိုချက် ၁၂ ချက်အား မေလ ၂ ရက်နေ့က နိုင်ငံသမ္မတနှင့် တရုတ် CNPC ကုမ္ပဏီများထံ ပေးပို့ တောင်းဆိုထားကြောင်း သိရှိရသည်။

မြန်မာ - တရုတ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းနှင့် ပတ်သက်၍ မဒေးကျွန်းဒေသခံများမှ ဆန္ဒ ပြခဲ့ခြင်းများရှိသည် သိရှိရပြီး SEAOP နှင့် SEAGP အနေဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသ မီလင်းရေး အတွက် ဒေါ်လာ ၁၀ သန်း လှူးဒါန်ခဲ့သော်လည်း မြန်မာအစိုးရ၏ စီမံခန့်ခွဲမှုကို ရှင်းလင်းစွာ မရှိရသောကြောင့် အဆိုပါလှူဒါန်းငွေများသည် မဒေးကျွန်းဒေသဖွံ့ဖြိုးရေးအတွက် ပါဝင်ခြင်းရှိမရှိကို သေချာမသိရှိကြောင်း SEAOP နှင့် SEAGP ၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာလီဇစ်လင်က ပြောကြားခဲ့သည်။

မြန်မာ - တရုတ်  ရေနံနှင့်  သဘာဝဓါတ်ငွေ့  ပိုက်လိုင်းစီမံကိန်းသည်  မြန်မာ၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယစသော
လေးနိုင်ငံမှ ကုမ္ပဏီ ၆ ခု အကျိုးတူပူးပေါင်းဆောင်ရွက်နေသော အပြည်ပြည်ဆိုင်ရာစီမံကိန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်အရ အဆိုပါကုမ္ပဏီ ၆ ခုမှ ရင်းနှီးငွေများကို မြှုပ်နှံပြီး  SEAGP နှင့် SEAOP စသည့် ဖက်စပ်ကုမ္ပဏီနှစ်ခုအား စီမံကိန်း၏ တာဝန်ရှိကုမ္ပဏီများအဖြစ် လုပ်ကိုင် ဆောင်ရွက်စေခြင်းဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment