Friday, May 17, 2013

နိုင်ငံတော်သမ္မတ၏ အမေရိကန်ခရီးစဉ်တွင် ပင်တဂွန်လည်ပတ်ရန်ဖိတ်ခေါ်သင့်ကြောင်း CSIS အဖွဲ့ကတိုက်တွန်း

လာမည့် မေလ ၂၀ ရက်နေ့တွင် စတင်နိုင်ဖွယ်ရှိသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်အတွင်း အမေရိကန် သမ္မတအိုဘားမားအနေဖြင့်  ပင်တဂွန်စစ်ဌာနချုပ်သို့  သွားရောက်လေ့လာရန်  ဖိတ်ခေါ်သင့်ကြောင်း ဝါရှင်တန်
အခြေစိုက် အမေရိကန်နိုင်ငံခြားရေးနှင့် ကာကွယ်ရေးမူဝါဒများ လေ့လာသုံးသပ်ရာတွင် သြဇာရှိအဖွဲ့ အစည်းတစ်ခု ဖြစ်သည့်
CSIS အဖွဲ့က တိုက်တွန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အာရှ၏အင်အားအကြီးဆုံး တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့ကြားတွင်ရှိသည့်အပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အလျောက် အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာ့တပ်မတော်အား နိုင်ငံတကာ အဆင့်မီတပ်မတော်ဖြစ်လာစေရန် လုပ်ဆောင်နိုင်ရေးသည် အမေရိကန်၏ အကျိုးစီးပွားတစ်ခု ဖြစ်သည့်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ပင်တဂွန်အားလေ့လာရန်ဖိတ်ခေါ်သင့်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံအကြီးအကဲတစ်ဦးဖြစ်သူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စစ်ဘက်အငြိမ်းစား စစ်ဗိုလ်ချုပ် တစ်ဦးဖြစ်သည့်အပြင် နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေး  လုပ်ငန်းစဉ်များအား လုပ်ဆောင်ခဲ့သူ ခေါင်းဆောင်တစ်ဦး ဖြစ်သည့်
အလျောက် ၎င်း၏အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်စစ်ဘက်အကြီးတန်းအရာရှိများ၊ ကာကွယ်ရေးဝန်ကြီး Chuck Hagel တို့နှင့်ဆက်ဆံရာတွင် အဆင်ပြေချောမွေ့မှုရှိမည်ဖြစ်ကြောင်း CSIS ကဆိုထားသည်။

ထို့ကြောင့် အမေရိကန်စစ်ဘက်အရာရှိများအနေဖြင့် မြန်မာ-အမေရိကန် နှစ်နိုင်ငံ၏ဆက်ဆံရေး တိုးတက် လာနိုင်စေရန် မြန်မာနိုင်ငံ၏  လိုအပ်ချက်များကို   အမေရိကန်သမ္မတ  အိုးဘားမား စဉ်းစားသုံးသပ်နိုင်ရန်  ကူညီဆောင်ရွက်
ပေးခြင်းဖြင့်နှစ်နိုင်ငံ  အကြားစစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကိုပြန်လည်   ထူထောင်သည့်အချိန်တွင် အထောက်အပံ့ကောင်း
များ ဖြစ်လာစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုသမ္မတ အိုဘားမား၏ဖိတ်ကြားချက်အရ ၁၉၆၆ ခုနှစ်နောက်ပိုင်း အမေရိကန်နိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင် သွားရောက်လည်ပတ်မည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန်နိုင်ငံခရီးစဉ်အတွင်း မေလ ၂၀ ရက်နေ့တွင် အိုဘားမားနှင့် အိမ်ဖြူတော်၌ တွေ့ဆုံကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်နှစ်ခုကို လက်မှတ်ရေးထိုးသွားဖွယ်ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့သည် ကမ္ဘောဒီးယားနိုင်ငံတွင်တစ်ကြိမ်၊ အင်ဒိုနီးရှားနိုင်ငံတွင်တစ်ကြိမ်နှင့် မြန်မာနိုင်ငံတွင်တစ်ကြိမ် စုစုပေါင်းသုံးကြိမ်တိုင်တိုင်တွေ့ဆုံထားပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့တွင် အမေရိကန်အိမ်ဖြူတော်မှ ထုတ်ပြန်သော ကြေညာချက်တွင် နိုင်ငံအမည်ကို Burma အစား Myanmar ပာုပြောင်းလဲခေါ်ဝေါ်သုံးစွဲထားကြောင်း သိရသည်။

No comments:

Post a Comment