Thursday, May 16, 2013

သုံးပွင်ဆိုင် ယုံကြည်မှု (သို့) အဆိုးထဲမှ အကောင်း

နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စုဝန်ကြီးများသည်  ဆိုင်ကလုန်း မုန်တိုင်း မဟာစင် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို မေ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။ ၂၀၀၈ ခုနှစ် မေ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော နာဂတ်မုန်တိုင်းကြောင့် ပြည်သူများ၏ အသက်အိုးအိမ်များ ပျက်စီး ဆုံးရှုံးမှု ကြီးမားခဲ့ရာ ထိုသို့သော အခြေအနေဆိုးမျိုး ထပ်ဖြစ်မလာဖို့ အစိုးရအဖွဲ့မှ စနစ်တကျ ကြိုတင်ပြင် ဆင်မှုများ ပြုလုပ်လျက်ရှိနေသည်။ နိုင်ငံတစ်နိုင်ငံ၌ သဘာဝဘေး အန္တ ရာယ်ကြုံတွေ့လာသည့်အခါ ထိုနိုင်ငံကို အုပ်စိုးသည့် အစိုးရ၏ (ပြည်နယ်အစိုးရသာမက ပြည်ထောင်စု အစိုးရပါ) အခန်းကဏ္ဍမှာ အမှန်ပင် အရေးကြီးပါသည်။

အမေရိကန်နိုင်ငံကို ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခဲ့စဉ်တုန်းက ပြည်ထောင်စုအစိုးရမှ ဖွဲ့စည်းထားသော ပြည်ထောင်စု အရေးပေါ် စီမံခန့်ခွဲရေး အင်ဂျင်စီ (Federal Emergency Management Agency) သည် အခြားသော ကာကွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့်  ပြည်ထောင်စုအဆင့် အစိုးရ အေဂျင်စီများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်နိုင်ခဲ့သဖြင့် မုန်တိုင်းကြောင့် အသက်အန္တရာယ် ဆုံးရှုံးမှုများကို လျော့ပါးနိုင်ခဲ့ရုံသာမက ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ဆောင် နိုင်ခဲ့သည်။ 

သမ္မတဦးသိန်းစိန်သည်  မြန်မာနိုင်ငံကို  ဝင်ရောက်မည့်  မဟာဆင်  ဆိုက်ကလုန်းမုန်းတိုင်းဒဏ်ကို  ကြိုတင်ကာကွယ်
သည့်အနေဖြင့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၏ ဦးဆောင်သော အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဖွဲ့စည်းခဲ့ပြီး ၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ  ပြည်ထောင်စုဝန်ကြီး
ဒေါ်မြတ်မြတ်အုန်းခင် ဦးဆောင်သည့် အမျိုးသားသဘာဝ ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီတို့ကိုလည်း မေ ၁၄ ၌ ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။

နိုင်ငံတစ်နိုင်ငံအပေါ် သဘာဝဘေးအန္တရာယ်ကျရောက်သောအခါ အစိုးရ၏ အခန်းကဏ္ဍသာမက တပ်မတော်၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသည်။ သဘာဝကပ်ဘေးကြောင့် ကစဥ့်ကလျား၊ ရုန်းရင်း ဆန်ခတ် အခြေအနေကို ထိထိရောက်ရောက်နှင့် မြန်မြန်ဆန်ဆန် စီမံခန့်ခွဲနိုင်သည့် (အထူးသဖြင့် ကယ်ဆယ်၊ထောက်ပို့ရေး လုပ်ငန်းစဉ်များ) အဖွဲ့အစည်းမှာ တပ်မတော်ပင်ဖြစ်သည်။ နိုင်ငံတကာကိုကြည့်လျှင်လည်း ၁၉၉၁  ဘင်္ဂလားဒေရှ်နိုင်ငံကို ဆိုက်ကလုံးမုန်းတိုင်း တိုက်ခတ်ခဲ့စဉ်တွင်လည်းကောင်း၊ ၁၉၉၈ တွင် အမေရိကန် အလယ်ပိုင်းကို မတ်(ခ်ျ)(Mitch)  အမည်ရှိ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခဲ့စဉ်တွင် လည်းကောင်း၊ ၂၀၀၅   အမေရိကန်ကို ကသရီနာ  (Katrina) အမည်ရှိ ဟာရီကိန်းမုန်တိုင်းတိုက်ခတ်ခဲ့စဉ်တွင် လည်း ကောင်း၊ ၂၀၀၈ ၌ တရုတ်နိုင်ငံ ဆီချွမ်(Sichuan) ပြည်နယ်တွင် ငလျင်ပြင်းပြင်းထန်ထန် လှုပ်ခတ်ပြီးနောက်တွင် လည်း ကောင်း၊ ၂၀၀၅ အောက်တိုဘာ၌ ပါကစ္စတန်နိုင်ငံ ငလျင်လှုပ်ခတ်မှုတွင်လည်းကောင်း တပ်မတော် အရင်းအမြစ်များကို ထိထိရောက်ရောက်အသုံးချ၍ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှု ကပ်ဘေးမှ ကာကွယ်နိုင်ခဲ့သည်။

သဘာဝကပ်ဘေးသည် မမျှော်လင့်အပ်သည့် အရာဖြစ်သော်လည်း အရေးပေါ်က အဆိုးမှ အကောင်းကို ဆွဲထုတ်ယူ၍ရသော အခြေအနေမျိုးကို တည်ဆောက်ယူနိုင်ရပေမည်။ ထိုသဘာဝဘေး အကြောင်းပြု၍ အစိုးရ၊ တပ်မတော်နှင့်
ပြည်သူကြား သုံးပွင့်ဆိုင် ယုံကြည်မှုကို အခိုင်အမာ တည်ဆောက်သွားနိုင်လျှင် အဆိုးထဲမှ အကောင်းပင်ဖြစ်ပါကြောင်း။

No comments:

Post a Comment