Thursday, May 16, 2013

မြန်မာခေါင်းဆောင်နှင့် အိုဘားမားတွေ့မည်

(USA Today မှ 16 May 2013 ရက်စွဲပါ Obama to meet leader of Burma(Myanmar) ကိုဘာသာပြန်ဆိုသည်)

“Myanmar” နှင့် “Burma” ဟု အမည်နှစ်မျိုးရှိသည့် မြန်မာနိုင်ငံခေါင်းဆောင် သမ္မတဦးသိန်းစိန်နှင့် အမေရိကန် ပြည်ထောင်စုသမ္မတ အိုဘားမားတို့ လာမည့်တနင်္လာနေ့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ယနေ့သတင်း ထုတ် ပြန်သည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ အမည်ကို Burma ဟုခေါ်ဝေါ်သုံးစွဲကာ အမေရိကန် ပြည်ထောင်စု ၏ မူဝါဒသဘောထားကို ထုတ်ဖော်ထားသည့်တိုင် သမ္မတအိုဘားမားအနေဖြင့် ဦးသိန်းစိန်နှင့် တွေ့ဆုံစကားပြောဆိုမည် ဖြစ် သည်ဟု ဆိုသည်။

၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ဖူးကြောင်း ယင်း ထုတ်ပြန်ချက်က ဆိုသည်။

“အမေရိကန် ပြည်ထောင်စုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်များ၊ နိုင်ငံတကာ အသိုင်းအဝိုင်းများနှင့် အနီးကပ်ပူးပေါင်းကာ သမ္မတဦးသိန်းစိန်အစိုးရက ဆောင်ရွက်လျက်ရှိသော ပြုပြင် ပြောင်းလဲမှုဖြစ်စဉ်များ ဆက်လက်ဖြစ်ပေါ်ရေးအတွက် တိုက်တွန်းသွားမည် ဖြစ်သည်” ဟု အိမ်ဖြူတော်ကဆိုသည်။

“ဒီမိုကရေစီဖော်ဆောင်ရေး၊ တိုင်းရင်းသားလူမျိုးစုများအကြားတင်းမာမှုများဖြေရှင်းရေး အစရှိသည့်အရေးကိစ္စများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ကြိုးပမ်းရာတွင် ကျန်ရှိနေသေးသော စိန်ခေါ်ချက်များစွာကို သမ္မတဦးသိန်းစိန်နှင့် သမ္မတ အိုဘားမားတို့ ဆွေးနွေးသွားမည်ဖြစ်သည်။ ထို့ပြင် မြန်မာပြည်သူများအတွက် စီးပွားရေးအခွင့်အလမ်းများ ဆောင်ကြဉ်းပေး ရေး၊ အမေရိကန်ပြည်ထောင်စု အနေဖြင့်  မည်သို့မည်ပုံ အကူအညီပေးနိုင်မည် ဟူသောအချက်ကို သိရှိနားလည်နိုင်ရေး တို့နှင့် ပတ်သက်၍လည်း ဆွေးနွေးသွားကြမည်ဖြစ်သည်” ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ချက်က ဆက်လက်ဖော်ပြသည်။

အမျိုးသားလုံခြုံရေးကောင်စီမှ ပြောခွင့်ရပုဂ္ဂိုလ် Caitlin Hayden က“အမေရိကန် ပြည်ထောင်စုအစိုးရဟာ မြန်မာ နိုင်ငံရဲ့ နာမည်ကို Myanmar လို့အနည်းအကျဉ်းမျှသာ အသုံးပြုခဲ့ပါတယ်။ အဲဒါကလည်း ကမ္ဘာလုံးဆိုင်ရာ ဆက်ဆံရေး တိုးတက် ကောင်းမွန်အောင် ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံကို သံတမန်ရေးရာ မျက်နှာသာပေးတဲ့အနေနဲ့ သုံးတာဖြစ်ပါတယ်” ဟု ပြောကြားသည်။

“မြန်မာနိုင်ငံဟာ နိုင်ငံရေးအကျဉ်းသား ၈၅၀ ကျော် လွှတ်ပေးခြင်း၊ မီဒီယာထိန်းချုပ် ကန့်သတ်မှုများ ဖြေလျှော့ပေး ခြင်း၊ လွတ်လပ်စွာထုတ်ဖော်  ပြောဆိုခွင့်ပြုခြင်း၊  စည်းရုံးခွင့်ပြုခြင်း၊ လှုပ်ရှားခွင့်ပြုခြင်း စသည်တို့အပါအဝင် အပြုသဘော ဆောင်တဲ့
ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ဆောင်ခဲ့ပြီးပါပြီ။ ကျွန်မတို့ဘက်ကလည်း တုံ့ပြန်တဲ့အနေနဲ့ မြန်မာအစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ခဲ့ပါတယ်။ ပိတ်ဆို့အရေးယူမှုတွေကို လျှော့ချပေးသလို သင့်တင့်လျှောက်ပတ် သလို Myanmar ဆိုတဲ့နာမည်ကို ခေါ်ဝေါ် အသုံးပြုပေးတာတွေလုပ်ခဲ့ပါတယ်” ဟု ဆိုသည်။

“Myanmar လို့ တရားဝင်ခေါ်ဆိုဖို့ ကျွန်မတို့ရဲ့ မူဝါဒမပြောင်းလဲသေးပေမယ့် ပြုပြင်ပြောင်းလဲမှုတွေကို ရည်မှန်း ချက်ကြီးစွာ အားသွန်ခွန်စိုက်လုပ်ကိုင်နေတဲ့ အစိုးရတစ်ရပ်ကို လေးစားမှုပြသရမယ်ဆိုတာ ကျွန်မတို့ယုံကြည်ထားပါတယ်။ အဲဒီလိုလုပ်တာကလည်း မြန်မာအစိုးရရဲ့ ကြိုးပမ်းချက်တွေကိုထောက်ပံ့ပေးနိုင်မယ့် အရေးကြီးတဲ့ အချက်ပြမှုတစ်ခုဖြစ်သလို အသွင်ကူးပြောင်းမှုဖြစ်စဉ် အောင်မြင်အောင် အကူအညီပေးရေးအတွက် ကျွန်မတို့ရဲ့ဆန္ဒတစ်ရပ်ဖြစ်တယ်လို့ ယုံကြည်ထား ပါတယ်”
“Burma ဆိုတာ မြန်မာနိုင်ငံရဲ့ နာမည်ဆိုတဲ့ ကျွန်မတို့ရဲ့မူဝါဒဆက်ရှိနေပါဦးမယ်”

No comments:

Post a Comment