Saturday, May 11, 2013

မီဒီယာလွတ်လပ်ခွင့်ကို တဖြည်းဖြည်းချင်းကျင့်သုံးနေသည့် မြန်မာ

(BNI Online မှ 9 May 2013 ရက်စွဲပါ Burma is slowly adopting free media ကိုဘာသာပြန်ဆိုသည်)
Photo credit by reuters

မြန်မာနိုင်ငံကို စစ်ဘက်အုပ်ချုပ်ရေးစနစ်မှ တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီ စနစ်ပြောင်းလဲကျင့်သုံးရာတွင် ပြည်တွင်း မီဒီယာများနှင့် ပတ်သက်၍ အရေးကြီးသော ဆုံးဖြတ်ချက်အချို့ကို ဖြစ်ထွန်းစေခဲ့သည်။ မြန်မာအစိုးရသည် ပုံနှိပ်ထုတ်ဝေ မည့် မီဒီယာများအနေဖြင့် ဆင်ဆာဘုတ်အဖွဲ့သို့ကြိုတင်တင်ပြရသည့် စနစ်ကိုဖျက်သိမ်းလိုက်သလို စာပေစိစစ်နှင့်မှတ်ပုံတင် ဌာနဟု ခေါ်သည့် ဆင်ဆာအဖွဲ့ကြီးကိုလည်းဖျက်သိမ်းပစ်လိုက်သည်။
ထိုထက်ပို၍ ခွင့်ပြုပေးလာသည်မှာ လွတ်လပ်သော မီဒီယာသမားများအနေဖြင့် မြန်မာသတင်းစာ ဆရာများ အဖွဲ့၊ မြန်မာသတင်းစာဆရာများ ကွန်ယက် နှင့် မြန်မာသတင်းစာဆရာများ သမဂ္ဂကဲ့သို့သော အဖွဲ့များဖွဲ့စည်းပေးခြင်းပင် ဖြစ် သည်။ ယခင်မူလက သတင်းစာဆရာများနှင့် အခြားမီဒီယာများ၏ အရေးကိစ္စများဟူသည်မှာ အစိုးရထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ကသာ တာဝန်ယူလုပ်ဆောင်ပေးခြင်းဖြစ်သည်။
ထိုကဲ့သို့ အပြုသဘောဆောင်သည့် အဆင့်များရှိနေသည့်တိုင် သတင်းစာဆရာများ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ခွင့်နှင့် ရေးသားထုတ်ဝေခွင့်တို့နှင့် ပတ်သက်၍ စိန်ခေါ်မှုများစွာ ဆက်လက်ကျန်ရှိနေဆဲပင် ဖြစ်သည်။ စိန်ခေါ်မှု များ အနက် ပုံနှိပ်သူနှင့် ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်ရေး အက်ဥပဒေ(၁၉၆၂) နှင့် အခြားသော တင်းကြပ်သည့် ဥပဒေများမှာ ဆက်လက် ကျန်ရှိနေဆဲပင်ဖြစ်ကြောင်း မီဒီယာလွတ်လပ်ခွင့် ဆော်သြသူများက ပြောကြားသည်။
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့က “မြန်မာနိုင်ငံသည် သတင်း လွတ်လပ် ခွင့်နှင့်ပတ်သက်၍ လျင်မြန်သည့် တိုးတက်ဖွံ့ဖြိုးမှုများရှိလာပြီဖြစ်သည်”ဟု အခြားသော အဖွဲ့အစည်းများနည်းတူ အပြု သဘောဆောင်သည့် မှတ်ချက်ပေးသည်။ သို့သော် တိုးတက်မှုကန့်သတ်ချက်များနှင့် အန္တရာယ်များက ဆက်လက် ကျန်ရှိ နေဆဲဖြစ်သည်ဟု ဆိုသည်။
“နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF) သည် မြန်မာနိုင်ငံသို့ ဝင်ရောက်လည်ပတ်ခွင့်မရရှိခဲ့သည်မှာ နှစ်ပေါင်း ၂၅ နှစ်ခန့်ရှိခဲ့သည်။ အဆိုပါကာလအတွင်း မီဒီယာလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့သူ သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် Democratic Voice of Burma ၏ ဗီဒီယိုသတင်းထောက်များအား အဝေးမှ ပင် ထောက်ပံ့မှု ပေးခဲ့ရ သည်။ နောက်ဆုံးတွင် မြန်မာအစိုးရက RSF အဖွဲ့အား အမည်မည်းစာရင်းမှ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့တွင် ပယ်ဖျက် ပေးလိုက်သည်” ဟု RSF အဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။
မြန်မာအစိုးရအနေဖြင့် မီဒီယာများအပေါ် တရားစွဲဆိုမှုများကိုလျှော့ချပြီး ဖိနှိပ်တင်းကြပ်သောဥပဒေများ အလျင် အမြန် ဖယ်ရှားပေးရေးအတွက်လုပ်ကိုင်ပေးရန် RSF ကတိုက်တွန်းထားပြီးဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေ ဖြင့်လည်း မြန်မာနိုင်ငံတွင်း အခြေခံလွတ်လပ်ခွင့်များ၊ အထူးသဖြင့် သတင်းအချက်အလက် လွတ်လပ်စွာစီးဆင်းမှုများ အတွက် ထောက်ပံ့မှုများပေးရန် တိုက်တွန်းထားသည်။
မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနသည် လတ်တလောအနေအထားတွင် ပုဂ္ဂလိကပိုင် ဂျာနယ် ၁၆ စောင် ကို နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ပြုရန် ဧပြီလ ၁ ရက်နေ့မှစ၍ ခွင့်ပြုခဲ့သည်။ ထိုသို့ ခွင့်ပြုမှုသည် နှစ်ပေါင်း ၅၀ ကျော် ကာလ အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။ နောက်ထပ် ဂျာနယ် ၁၀ စောင်ကိုလည်း ဧပြီလကုန်ပိုင်းတွင် သတင်းစာထုတ်ဝေခွင့် ထပ်မံပေးခဲ့ပြန်သည်။ ပြည်ပရောက် သတင်းမီဒီယာများနှင့် သတင်းစာဆရာများမှာလည်း မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် ခဲ့ပြီဖြစ်သလို AP ၊ NHK နှင့် Kyodo News ကဲ့သို့သော နိုင်ငံခြားသတင်းဌာနကြီးများသည်လည်း ရန်ကုန်မြို့တွင် ရုံးခွဲများ ဖွင့်လှစ် ကာ လုပ်ကိုင်နေကြပြီဖြစ်သည်။ 

No comments:

Post a Comment