Saturday, May 11, 2013

ဒေသခံပြည်သူတို့၏ ကန့်ကွက်မှုများကြားမှပင် တရုတ်နိုင်ငံသို့ မေလကုန်တွင် သဘာဝဓာတ်ငွေ့များ ပေးပို့တော့မည်

မြန်မာနိုင်ငံမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့များအား တရုတ်နိုင်ငံသို့ပေးပို့မည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ပိုက်လိုင်းဖြတ်သန်းရာ ဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူတို့၏ ကန့်ကွက်မှုများကြားမှပင် ယခုနှစ်မေလကုန်တွင် တရုတ် နိုင်ငံသို့ ဓာတ်ငွေ့များစတင်ပေးပို့တော့မည်ဖြစ်ကြောင်း အဆိုပါပိုက်လိုင်းစီမံကိန်း လုပ်ဆောင်လျက်ရှိသည့် SEAGP နှင့် SEAOP တို့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တရုတ်သို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်မည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း တည်ဆောက်နေမှုများနှင့် ပတ်သက်၍ ပိုက် လိုင်း ဖြတ်သန်းရာဒေသတစ်လျှောက်တွင် ဒေသခံများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူမှုစီးပွားထိခိုက်မှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် အဆိုပါစီမံကိန်း ရပ်ဆိုင်းစေရေးအတွက် ကန့်ကွက်ဆန္ဒပြ မှုများ၊ နိုင်ငံတော်အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်ထံသို့ စာပေးပို့တောင်းဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောကြားသည်။
လက်ရှိတည်ဆောက် ပြီးစီးသွားပြီဖြစ်သည့် မြန်မာ-တရုတ် ဓာတ်ငွေ့ပိုင်လိုင်းမှာ ၇၉၃ ကီလိုမီတာရှည်လျားပြီး တစ်နှစ် လျှင် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပေးပို့သည့်အတွက် တစ်နှစ်လျှင် ပိုက်လိုင်းဖြတ်သန်းခအဖြစ် မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၃ ဒဿမ ၈၁ သန်းရရှိမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံယူနန်ပြည်နယ်သို့ ဆက်သွယ်ဖောက်လုပ်မည့် ရွှေသဘာဝဓာတ်ငွေ့နှင့်ရေနံ ပိုက်လိုင်း တည်ဆောက်နေမှုများနှင့်ပတ်သက်၍ ဧပြီလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိဆီဒိုးနားပာိုတယ်၌ သတင်းစာ ရှင်း လင်းပွဲတစ်ရပ် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းသတင်းစာရှင်းလင်းပွဲတွင် မြေယာသိမ်းဆည်းသည့် ကိစ္စရပ်နှင့် ပတ် သက်၍ ကုမ္ပဏီမှမကွေးတိုင်းအတွင်းရှိ လျော်ကြေးပေးမှုအားလက်ခံသည့် ရွာတစ်ရွာမှလွဲ၍ ကျန်လယ်ယာမြေများ အတွက် လျော်ကြေးငွေများ ပေးအပ်ပြီးဖြစ်ကြောင်း၊ ကျောက်ဖြူဒေသတွင် လျှပ်စစ်မီးရရှိရေးအတွက် ဒေါ်လာ ၁၀ သန်းထောက်ပံ့ခဲ့ သည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများအတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၄ သန်း အကုန်အကျခံ ထားကြောင်း ပြောဆိုရှင်းလင်းသွားခဲ့သည်။
လက်ရှိ ပြည်ပနိုင်ငံသို့ဓာတ်ငွေ့ရောင်းချလျက်ရှိသည့် ရတနာနှင့် ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အထိ အမေရိကန်ဒေါ်လာ ၁၉ ဘီလျံကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ ပို့လွှတ်မည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို Daewoo မှ ၈၅ ရာခိုင်နှုန်း၊ OVL မှ ၁၇ ရာခိုင်နှုန်း၊ မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ၁၅ ရာခိုင်နှုန်း၊ GAIL မှ ၈ ဒဿမ ၅ ရာခိုင်နှုန်း၊ KOGAS မှ ၈ ဒဿမ ၅ ရာခိုင်နှုန်း အသီး သီး ပိုင်ဆိုင်ကြောင်း သိရသည်။
YC

No comments:

Post a Comment