Saturday, May 11, 2013

လူ့အခွင့်အရေးကော်မရှင်ဆိုင်ရာဥပဒေမူကြမ်းတစ်ခု လွှတ်တော်သို့တင်သွင်းမည်

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကာကွယ်နိုင်ရန် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေး ကော်မရှင်မှ လူ့အခွင့်အရေး ကော်မရှင်ဆိုင်ရာ ဥပဒေမူကြမ်းတစ်ခု ရေးဆွဲ၍ လာမည့်လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ် ကြောင်း သိရသည်။
ယခု လွှတ်တော်သို့တင်သွင်းမည့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းသည် နိုင်ငံတစ်နိုင်ငံ၏ အမျိုးသား လူ့အခွင့် အရေးအဖွဲ့ကို ကုလသမဂ္ဂမှ သတ်မှတ်ထားသည့် Paris Principles စံနှုန်းများနှင့်ကိုက်ညီရန် လိုအပ်သကဲ့သို့ ရေးဆွဲပြီးပါက လူထုသို့ ချပြရန်လည်း လိုအပ်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
ထို့ပြင် အဆိုပါဥပဒေကြမ်း ရေးဆွဲရာတွင် လူမှုလူ့အဖွဲ့အစည်းများရှိ လူတန်းစားအသီးသီး၏ အမြင်ကိုသိရှိရန် လိုအပ်သကဲ့သို့ ပွင့်လင်းမြင်သာမှုရှိစေရန် မြန်မာဘာသာ၊ တိုင်းရင်းသားဘာသာစကားများဖြင့် ရေးသားဖော်ပြသင့်သည့် အပြင် လူထုဆန္ဒသိရှိနိုင်စေရန် လွှတ်တော်အနေဖြင့်လည်း အထူးကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း ၎င်းက တိုက် တွန်းပြောကြားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ရေးဆွဲလျက်ရှိသည့် ဥပဒေမူကြမ်းသည် အာရှပစိ ဖိတ် ဒေသတွင်းရှိပညာရှင်များနှင့် အနောက်နိုင်ငံများရှိလူ့အခွင့်အရေးအဖွဲ့အစည်းအသီးသီးမှ ပညာရှင်များ၏ အကြံဉာဏ်များဖြင့် ရယူ ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောကြားခဲ့ သည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၌ သမ္မတအမိန့်ဖြင့်အငြိမ်းစားသံအမတ် ကြီးများ၊ အငြိမ်းစားပါမောက္ခများနှင့် အငြိမ်းစားညွှန်ကြားရေးမှူးချုပ်တို့ဖြင့် ပါဝင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
YC

No comments:

Post a Comment