Wednesday, May 15, 2013

‘ဝ’ ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုမှု လွှတ်တော်ကသာ ဆုံးဖြတ်မည်

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ လက်နက်နှင့်စီးပွားရေး အထောက်အပံ့များ ရယူနေသည်ဟု စွပ်စွဲခြင်းခံထားရသော ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးပါတီ၏ ‘ဝ’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ် တောင်းဆိုမှုသည် လွှတ်တော်နှစ်ရပ်ကသာ အဆုံး အဖြတ်ပေးရမည့်ကိစ္စဖြစ်ကြောင်း အစိုးရကဖွဲ့စည်းထားသည့် မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။

မေလ ၁၀ ရက်က ရှမ်းပြည်နယ် ‘ဝ’အထူးဒေသ(၂)ပန်ဆန်းမြို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌဦးသိန်းဇော် ဦးဆောင်သည့်အဖွဲ့နှင့်‘ဝ’ပြည် သွေးစည်းညီညွတ်ရေးပါတီတို့ တွေ့ဆုံခဲ့ရာတွင် ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးရှောင်းမီလျံက ‘ဝ’ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် ခွင့်ပြုရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

‘ဝ’၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး တောင်းဆိုမှုသည် အစိုးနှင့် ငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီထံတွင် တောင်းဆို၍ ရရှိနိုင်မည်မဟုတ်ဘဲ လူထုမှရွေးချယ်ထားသော လွှတ်တော် ကိုယ်စားလှယ်များ၏ အဆုံးအဖြတ်ပေါ်တွင်သာ မူတည်ကြောင်း အဆိုပါ ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူကပြောကြားခဲ့သည်။

အဆိုပါကိစ္စသည်လွှတ်တော်တွင် ပထမဆုံးအကြိမ်အဖြစ် တံခါးပိတ်ဆွေးနွေးရမည့်ကိစ္စဖြစ်လာနိုင်ပြီး ‘ဝ’ဒေသတွင် ရှိနေသော တိုင်းရင်းသားများသည် ‘ဝ’လူမျိုးမဟုတ်ဘဲ တခြားလူမျိုးများ ဖြစ်နေနိုင်သည့်အချက်တို့ကို ပြန်လည်သုံးသပ် ရမည်ဖြစ်ပြီး၎င်း၏အမြင်တွင် ‘ဝ’အားကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် စောလွန်းနေသေးကြောင်း ပြည့်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးကြည်မြင့် ကပြောကြားခဲ့သည်။

‘ဝ’အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တောင်းဆိုပိုင်ခွင့်ရှိသော်လည်း မဖြစ်သင့်သေးသော ကိစ္စတစ်ခုဟု ယူဆ ပြီး မြန်မာနိုင်ငံတွင် လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြသည့်အတွက် ‘ဝ’အား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးလိုက်ပါက ပြည်ထောင်စု လမ်းကြောင်းသည် မခိုင်မာသည့်သဘော ဖြစ်လာနိုင်ကြောင်း ရှမ်းမျိုးဆက် အင်အားစုအဖွဲ့ဝင် စိုင်းအောင်မြင့်က ပြောကြားခဲ့ သည်။

လက်နက်ကိုင်အင်အား ၃၀၀၀၀ ကျော်ခန့်နှင့် အရန်ပြည်သူ့ စစ်အင်အား ၁၀၀၀၀ ကျော်ခန့် ရှိနေသော ‘ဝ’ သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)သည် ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးပါတီ၏ လက်အောက်တွင်ရှိနေပြီး ပန်ဆိုင်း၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မိုင်းပေါက်၊ မိုင်းယန်းနှင့် ဟိုပန်ဒေသများတွင် အဓိကလှုပ်ရှားလျက်ရှိပြီး မကြာသေးမီက UWSA သို့ တရုတ်နိုင်ငံမှ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့သည်ဆိုသော သတင်းများထွက်ပေါ်လာနေခဲ့ကြောင်း သိရှိရသည်။

တရုတ်ဗဟိုအစိုးရနှင့် UWSA တိုက်ရိုက်ထိတွေ့ခြင်း မရှိသော်လည်း တရုတ်ဗဟိုအစိုးရ လက်အောက်ရှိ ပြည်နယ် အစိုးရနှင့် USWA တို့သည် အနည်းနှင့်အများ ပူးပေါင်းမှုများရှိနေသည်ဟု ထင်မြင်ယူဆမိပြီး တရုတ်ပြည်နယ်အစိုးရ အနေ ဖြင့် UWSA နှင့်   ပူးပေါင်းဆောင်ရွက်မှုများသည်   ပွင့်လင်းမြင်သာမှု  ရှိမှသာလျှင်  တရုတ်-မြန်မာ ဆက်ဆံရေး ကောင်းမွန် နိုင်မည်
ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက ပြောကြားခဲ့သည်။

‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးပါတီအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့် ခွင့်ပြုပေးရန် ၂၀၁၂ ခုနှစ် အတွင်းမှစတင်ပြီး တောင်းဆိုမှုများပြုလုပ်ခဲ့ပြီး ယခုတစ်ကြိမ် ထပ်မံတောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment