Wednesday, May 15, 2013

DKBA နှင့် BGF အကြားဖြစ်ပွားခဲ့သည့်ပြဿနာများဖြေရှင်းရန် နည်းလမ်းများကို ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေးအဖွဲ့သို့ တင်ပြမည်

ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော်နှင့် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ နယ်ခြားစောင့်တပ်(BGF)တို့ အကြားဖြစ်ပွားခဲ့သည့် ပြဿနာများဖြေရှင်းရန်နည်းလမ်းများကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့သို့ တင်ပြ သွားမည်ဖြစ်ကြောင်း Myanmar Peace Center မှ ဦးအောင်နိုင်ဦး ကပြောကြားခဲ့သည်။

DKBA နှင့် BGF တို့အကြား ဧပြီလကုန်ပိုင်းက သုံးရက်ကြာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့မှုအပေါ် လေ့လာဆန်းစစ်နိုင် ရန် Myanmar Peace Center မှ အပစ်အခတ်ရပ်စဲရေး ညွန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးနှင့် Peace Dialogue ဌာနမှ တာဝန်ရှိသူ ဦးအောင်နိုင်ဦးတို့က မေလ ၁၁ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် DKBA နှင့် BGF တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

DKBA နှင့် BGF တို့မှ နယ်မြေခံတပ်မှူးများနှင့် တွေ့ဆုံ၍ ၎င်းတို့၏နောက်ဆုံး အခြေအနေများကို မေးမြန်းခဲ့ပြီး လာမည့်ကာလများတွင် တိုက်ပွဲများထပ်မံမဖြစ်ပွားစေရန် တိုက်တွန်းပြောဆိုမှုများပြုလုပ်ခဲ့ကာ နှစ်ဖက်တပ်များ၏ အောက်ခြေ ပိုင်းတွင် အရှုပ်အထွေးများဖြစ်တက်သည့် ကိစ္စများကို ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ရန် ပြောကြားခဲ့ကြောင်း ဦးအောင်နိုင်ဦး က ပြောကြားခဲ့သည်။

DKBA နှင့် BGF တို့မှ နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိနေသောကြောင့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်လာရန် ကြိုးစားသွားရမည်ဖြစ်ပြီး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် တွေ့ဆုံဆွေးနွေးမှု အစီရင်ခံစာများ ကိုလည်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ သို့ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက်များက ယခင် DKBA တပ်ဖွဲ့များနှင့် ဖွဲ့စည်းထားသည့် နယ်ခြားစောင့်တပ်(BGF)နှင့် DKBA နှင့် မဟာမိတ်ဖွဲ့ထားသည့် ဗိုလ်ပိလက်အောက်ခံ အဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဟတ်ကြီးရေကာတာ စီမံကိန်းအား အကြောင်းပြု၍ DKBA တပ်စခန်းများကိုရွေ့ပြောင်းရန် တပ်မတော်မှ အကြောင်းကြားမှုများနှင့်  ပတ်သတ်ပြီး  ကရင်တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့များနှင့်   အစိုးရတပ်များအကြား တင်းမာမှုများ
ဖြစ်ပေါ်ခဲ့သည်။

ထို့ကဲ့သို့ တင်းမာမှုများ ဖြစ်ပေါ်လာပြီးနောက် မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုမှ တာဝန်ရှိသူများက ယခုကဲ့ သို့ ကရင်ပြည်နယ်သို့ သွားရောက်ပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment