Monday, May 13, 2013

နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းဆိုင်ရာ အဖွဲ့များဖွဲ့စည်းမည်

လက်ရှိ မြန်မာနိုင်ငံအစိုးရသစ်၏ စတုတ္ထအဆင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအရ နိုင်ငံတွင်း ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်စီးပွားရေး လုပ်ငန်းဆိုင်ရာ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးတစ်ဦးက မေလ ၁၀ ရက်နေ့တွင် ကုန်သည်/ စက်မှုအသင်းချုပ် (UMFCCI)၌ ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင်တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အဆင့်ဆင့် လုပ်ဆောင်ခဲ့ပြီး စတုတ္ထအဆင့် ပြုပြင်ပြောင်းလဲမှုများအဖြစ် ပုဂလိကကဏ္ဍစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် စီးပွားရေးအဖွဲ့အစည်းများအား လာမည့် ရက်ပိုင်းအတွင်း ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း UMFCCI ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

ထို့ပြင် လာမည့် မေလကုန်ပိုင်းတွင် အစိုးရအဖွဲ့မှ အထူးအစည်းအဝေးတစ်ရပ်ကျင်းပကာ အဆိုပါအဖွဲ့ ဖွဲ့စည်းရေး ဆွေးနွေး အတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ နိုင်ငံပိုင်၊ စီးပွားရေးအဖွဲ့အစည်းများ ဖွဲ့စည်းရခြင်းမှာ မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၏ စီးပွားရေး  လုပ်ငန်းများဆောင်ရွက်ရာတွင်  လုပ်ဆောင်ရသည့်  လုပ်ထုံးလုပ်နည်းများတွင်   မလိုအပ်ဘဲ  အချိန် ကြန့်ကြာမှုကို
ဖြစ်စေသည့် အဆင့်များကိုဖြေလျော့ပေးနိုင်ရန်နှင့် ပုဂ္ဂလိကကဏ္ဍရှိ လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက် ဖြေရှင်းပေးနိုင်ရေး အတွက် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ရှိ ကျင့်သုံးလျက်ရှိသော စီးပွားရေးဆိုင်ရာမူဝါဒများတွင် အားသာချက်၊ အားနည်းချက်များ ရှိသည့်အတွက် အချို့နေရာများတွင် မလိုအပ်ဘဲ နှောင့်နှေးကြန့်ကြာမှုများကို ဖြစ်စေမှုကြောင့် အစိုးရပိုင်းနှင့် ပုဂ္ဂလိက ပူးပေါင်းကာ အဆိုပါ အခက်အခဲများအား ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ယခုကဲ့သို့ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment