Wednesday, May 15, 2013

အကောင်းဆုံး ကုမ္ပဏီကို ရွေးလိုက်လျှင် နှစ်နှစ်ခွဲအတွင်း ဖုန်းသိပ်သည်းဆ ၅၀ % တက်နိုင်

လာမည့် နှစ်နှစ်ခွဲအတွင်း၊ ၂၀၁၅ ခုနှစ်တွင် ဖုန်းသိပ်သည်းဆကို ၅၀% အထိရောက်ရှိလာစေရန် အကောင်အ ထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး အကောင်းဆုံးနှင့်အတွေ့အကြုံအများဆုံး အော်ပရေတာ ကုမ္ပဏီကို ရွေးချယ် မည်ဆိုပါက နှစ်နှစ်ခွဲအတွင်း ဖြစ်နိုင်မည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးသောင်းတင်က မေလ ၁၃ ရက်နေ့က အော်ပရေတာတင်ဒါနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် ပြောကြား ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြစ်လာစေရန်အတွက် ရွေးချယ်ခံရသော အော်ပရေတာ ကုမ္ပဏီမှာ ဒေါ်လာနှစ်ဘီလီယံခန့် ရင်းနှီးမြှုပ်နှံ ရမည်ဖြစ်သည်ဟုလည်း ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများက သုံးသပ်ပြော ကြားသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမည့်တယ်လီဖုန်းအော်ပရေတာလိုင်စင်ကို လာမည့် ဇွန်လအတွင်း လက်ရှိဆန်ကာတင်ရွေးချယ်ထားသော ကုမ္ပဏီ ၁၂ ခုမှ ကုမ္ပဏီနှစ်ခုအား ရွေးချယ်ချထားပေးမည်ဖြစ်သည်။

 ရွေးချယ်ခံရသော အော်ပရေတာ ကုမ္ပဏီများအတွက် အရည်အသွေးသတ်မှတ်ချက်များ ထားရှိထားပြီး လိုင်းမမိခြင်း၊ ခေါ်ဆို၍မရခြင်းစသည့် ချို့ယွင်းချက်များ ရှိမည်ဆိုပါက ဒဏ်တပ်မည်ဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီ လေးခုအနေဖြင့် ၂၀၁၃ - ၂၀၁၆ အတွင်းမိုဘိုင်းဖုန်းအလုံးရေ ၃၉သန်း ခွဲခန့် ရောင်းချပေးနိုင်ရန် စီစဉ်ထားသည်။လာမည့် ၂၀၁၅ ခုနှစ်တွင် မိုဘိုင်းဖုန်းရော၊ ကြိုးဖုန်းပါ အနည်းဆုံးဖုန်းသိပ်သည်းဆ ၅၀% ရောက်ရှိရန် မျှော်လင့်ကြောင်း၊ နိုင်ငံတကာတွင်မူ ဖုန်းသိပ်သည်းဆ ၅၀ % အထိတိုးတက်အောင် ၅ နှစ်မှ ၇ နှစ်အထိ အချိန်ယူကြရကြောင်း ၊ ဖုန်းသိပ်သည်းဆ မြင့်တက်လာစေရန်ကို  အဓိကထား၍  မိုဘိုင်းဖုန်းများကို ဦးစားပေး မြင့်တက်အောင်
ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒုဝန်ကြီး ဦးသောင်းတင် ကပြောကြားသည်။ 

ယခုလက်ရှိတွင် မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းသိပ်သည်း ဆမှာ ၇ ရာခိုင်နှုန်း၊ ကြိုးဖုန်းမှာ ၁ ရာခိုင်နှုန်းကျော်သာ ရှိသေးသည်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖုန်းသိပ်သည်းဆ ၅၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင် ၁၂၃ ရာခိုင်နှုန်းရှိပြီး အာဆီယံနိုင်ငံများတွင်မြန်မာနိုင်ငံသည် ဖုန်းသိပ်သည်းဆ အနည်းဆုံးနိုင်ငံတစ်ခုဖြစ်သည်။

No comments:

Post a Comment