Friday, May 3, 2013

ပုံနှိပ်ဥပဒေကြမ်းအပါအဝင် ဥပဒေများ ပြင်ဆင်၊ ပယ်ဖျက်ပေးရန် ကုလမှတစ်ဆင့် တောင်းဆိုမည်

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဖော်ဆောင်လျက်ရှိသည့် မြန်မာနိုင်ငံတွင် အခြေခံလွတ်လပ်ခွင့်များကို ထိခိုက် စေနိုင်သည့် တည်ဆဲဥပဒေသုံးခုနှင့် လွှတ်တော်သို့တင်သွင်းမည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေအပါအဝင် ဥပဒေ ကြမ်းနှစ်ခုကိုပြင်ဆင်ပေးရန် ကုလသမဂ္ဂမှတစ်ဆင့် တောင်းဆိုသွားမည်ဖြစ်ကြောင်း အာရှလူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးရေးဆုံရပ် အဖွဲ့(Forum – Asia)တာဝန်ခံ John Liu ကပြောကြားခဲ့သည်။

လွှတ်တော်သို့တင်သွင်းရန်ပြင်ဆင်နေသော ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့် NGO များ မှတ်ပုံတင်ခြင်း ဥပဒေတို့ကို ပြန်လည်ပြင်ဆင်၍ လွှတ်တော်သို့တင်သွင်းသင့်ကြောင်း John Liu ကပြောကြားခဲ့သည်။ ထို့ပြင် လက်ရှိ နိုင်ငံတွင်းကျင့်သုံးလျက်ရှိသော လွတ်လပ်စွာပြောဆိုခွင့်၊ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်တို့ကို ထိခိုက်စေသည့် ၁၉၀၈ ပြည့်နှစ် မတရားအသင်း အက်ဥပဒေ၊ ၁၉၈၈ အသင်းအဖွဲ့များ တည်ထောင်ခွင့်ဥပဒေ၊ ၂၀၁၂ ခုနှစ် လွတ်လပ်စွာစုဝေးခွင့်နှင့် လွတ်လပ်စွာစီတန်းလှည့်လည်ခွင့် ဥပဒေ၊ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)တို့ကိုလည်းပယ်ဖျက်ပေးရန် ၎င်းကတောင်းဆို ခဲ့သည်။

အဆိုပါဥပဒေများကို ပြင်ဆင်၊ ပယ်ဖျက်ရန်အတွက် အောက်တိုဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ကုလသမဂ္ဂလူ့အခွင့်ရေး ကာကွယ်စောင့်ရှောက်သူများဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိမှတစ်ဆင့် အစီရင် ခံစာတင်သွင်းကာ တောင်းဆိုသွားမည်ဖြစ်ကြောင်း မေလ ၂ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တောင်ဝင်နှင်းဆီခန်းမ၌  ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်ရေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

မတရားအသင်းဥပဒေပါ အချက်အလက်အချို့ကို ပြင်ဆင်ခဲ့သော်လည်း ကန့်သတ်ထိန်းချုပ်မှုများ ရှိနေဆဲဖြစ်သည့် အပြင် အသင်းအဖွဲ့များ ထူထောင်ခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေများတွင်လည်း လုပ်ထုံးလုပ်နည်းများမှာ ကုလ သမဂ္ဂ၏ အခြေခံသဘောတရားများနှင့် ကိုက်ညီမှုမရှိကြောင်း သိရသည်။ အာရှလူ့အခွင့်ရေးနှင့် ဖွံဖြိုးရေးဆုံရပ်အဖွဲ့ (Forum–Asia)သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အာရှဒေသတွင်းနိုင်ငံများ၏ လူ့အခွင့် အရေးအခြေအနေများကို စောင့်ကြည့်လေ့လာနိုင်ရန် အဖွဲ့ခွဲပေါင်း ၁၂၀ ခန့်ဖြင့် ဖွဲ့စည်းထားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment