Friday, May 3, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ပါတီကြီးသုံးခုပြင်ဆင်

ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တပ်မတော်အစိုးရ လက်ထက်တွင်ရေးဆွဲ၍ လက်ရှိ အသုံးပြုဆောင်ရွက်လျက်ရှိသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ပြည်တွင်း နိုင်ငံရေးပါတီကြီး သုံးခုဖြစ်သည့် ၂၀၁၀ ရွေးကောက်ပွဲဝင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီနှင့် ကြားဖြတ်ရွေးကောက်ပွဲဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့မှ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)ပါတီအနေဖြင့် လွှတ်တော်၌ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး တင်ပြ ဆွေးနွေးနိုင်ရန် လိုအပ်သည့် အချက်အလက်များ ရှာဖွေစုဆောင်းခြင်း၊ ရရှိသည့် အချက်အလက်များအပေါ် အစည်းအဝေး နှစ်ကြိမ်ပြုလုပ်၍ဆွေးနွေးခြင်းနှင့် ပြည်သူလူထုအကျိုးနှင့် ဒီမိုကရေစီပိုမိုခိုင်မာစေမည့်အချက်အလက်များကို အဓိကဆွေးနွေး နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်ခံနိုင်ခြင်းမရှိသည့်အတွက် ပြီးခဲ့သည့် ၂၀၁၀ နိုဝင်ဘာလ ၇ ရက် နေ့တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန် ရည်ရွယ်ချက်ဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး လွှတ်တော်၌တင်ပြနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု တက်ရောက်လျက်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရအေးမြင့်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များဖွဲ့စည်းရေး တိုက်တွန်းကြောင်း အဆိုကို အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှ ထောက်ခံခဲ့သည့်အတွက် မေလ ၂၂ ရက်နေ့ တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီအထွေထွေ အတွင်းရေးမှူးဦးဌေးဦးက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးကိစ္စရပ်အား အခြားပါတီကြီးများ၏ တင်ပြချက်များအပေါ်တွင်မူတည်၍ စဉ်းစားဆောင်ရွက်လျက်ရှိကြောင်း ပြောကြား ခဲ့သည်။

No comments:

Post a Comment