Wednesday, May 22, 2013

အမေရိကန် - မြန်မာကုန်သွယ်ရေးကောင်စီ စတင်ဖွင့်လှစ်



                နှစ်နိုင်ငံ ကုန်သွယ်ရေးမြှင့်တင်ရန် ရည်ရွယ်၍ အမေရိကန် - မြန်မာ ကုန်သွယ်ရေးကောင်စီကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်၊ နယူးယောက်မြို့တော်နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တော်တို့
တွင်မေလ ၂၀ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ကြောင်း အဆိုပါကောင်စီမှ ထုတ်ပြန်ကြေညာခဲ့ သည်။
 
                အမေရိကန် - မြန်မာ ကုန်သွယ်ရေးကောင်စီကို ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်မှာ အမေရိကန်
ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့အကြား နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယင်းကောင်စီ၏ လုပ်ငန်းစဉ်များအဖြစ် ကုန်သွယ်ရေးဆိုင်ရာ မစ်ရှင်များ၊ သတင်း
ထုတ်ပြန်မှုများ၊ အမေရိကန်ကုန်သည်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် ကဏ္ဍများကို အသိပေး
ထုတ်ပြန်မှုများ စသည့်အချက်များ ပါဝင်ကြောင်း ယင်း ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

              ယခုလက်ရှိတွင် အဆိုပါကောင်စီ၏ အရေးကြီးဆုံးတာဝန်မှာ မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသော အမေရိကန်အစိုးရ၏  စီးပွားရေး ပိတ်ဆို့မှုအချို့ကို ဖြေလျှော့ပေးစေရေးနှင့် အမေရိကန်အစိုးရက
ပေးအပ်သော မြန်မာ့ပို့ကုန်များအတွက် အထူးအခွန်ကင်းလွတ်ခွင့်ကို ရရှိစေရန်အတွက် ကြိုးပမ်းရမည်
ဖြစ်ကြောင်း အမေရိကန် - မြန်မာ ကုန်သွယ်ရေးကောင်စီဥက္ကဋ္ဌ Mr. Bart S.Fisher က ပြောကြားခဲ့သည်။
 
             ကုန်သွယ်ရေးနှင့် ဈေးကွက်ပိုမို ကျယ်ပြန့်လာသည်နှင့်အမျှ မြန်မာနိုင်ငံ၏  ပြုပြင်ပြောင်းလဲရေး
နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပိုမိုသက်ရောက်စေမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြော ကြားခဲ့သည်။

          အဆိုပါ  ကုန်သွယ်ရေး ကောင်စီဖွင့်လှစ်နိုင်ရန်အတွက် မတ်လက နေပြည်တော်တွင် နှစ်နိုင်ငံ အရာရှိများ တွေ့ဆုံ့ညှိနှိုင်းဆွေးနွေးခဲ့ပြီး ယင်းကောင်စီမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုသည် မြန်မာ
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများင့် မြန်မာနိုင်ငံသားများ၏ လူနေမှုဘဝ တိုးတက်မြှင့်မားလာစေရန် အခွင့်
အလမ်းများဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ကြောင်း အဆိုပါကောင်စီ၏ အမှုဆောင်အရာရှိချုပ် Mr. Robert A.Knutson ကပြောကြားခဲ့သည်။

            မြန်မာနိုင်ငံအပေါ် ဆယ်စုနှစ်တစ်ခုအကြာ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သော အမေရိကန်ပြည်ထောင်စု သည် ပထမဦးဆုံးအကြိမ်အနေဖြင့် ယခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အမေရိကန်ထိပ်တန်း စီးပွား
ရေး    လုပ်ငန်းရှင်များနှင့် ဖွဲ့စည်းထားသော အမေရိကန်ကုန်သည်ကြီးများ  အသင်းချုပ်နှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ( UMFCCI ) တို့တွေ့ဆုံ့ဆွေးနွေးခဲ့ကြပြီး
နှစ်နိုင်ငံ ကုန်သွယ်မှုဆိုင်ရာများကို ဆွေးနွေးကာ နားလည်မှုစာချွှန်လွှာ (MOU) ရေးထိုးခဲ့သည်။

     ယခု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန်ပြည်ထောင်စုခရီးစဉ်တွင် ယင်းအမေရိကန် ကုန်သည်ကြီးများ အသင်းချုပ်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံတွင် လူလတ်တန်းစား
ဖွံ့ဖြိုး တိုးတက်လာရန်အတွက် အမေရိကန်ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment