Wednesday, May 22, 2013

မြန်မာနိုင်ငံမှ တက္ကသိုလ်ဘွဲ့ရများ လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်လုပ်ကိုင်ရန် မရနိုင် သေးဟု သမ္မတပြော

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် မြန်မာ့ပညာရေးစနစ်မှာ တက္ကသိုလ်ဘွဲ့ရသည်နှင့် လုပ်ငန်းခွင်သို့ တန်းဝင်နိုင်မည့် စနစ်မျိုး မဟုတ်သေးကြောင်း အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွင် VOA နှင့် တွေ့ဆုံမေးမြန်းရာ၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဘွဲ့ရလူငယ်များစွာရှိသော်လည်း အလုပ်ရုံ၊ စက်ရုံထဲသို့ တိုက်ရိုက်ကူးဝင်၍ မရနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြန်မာ့ပညာရေးစနစ်မှာ လုပ်ငန်းခွင်ကို ချက်ချင်း ဝင်ရောက်နိုင်မည့် ပညာရေးစနစ်မျိုး မဟုတ်သေး ကြောင်း၊ ထို့ကြောင့် တက္ကသိုလ်မှ မွေးထုတ်ပြီးသည်နှင့် ဘွဲ့ရလူငယ်များသည် တိုက်ရိုက် လုပ်ငန်းခွင်တွင် ဝင်ရောက်၍ အကျိုးပြုနိုင်သည့် ပညာရေးမျိုးဖြစ်သင့်ကြောင်း၊ ထိုသို့ဖြစ်ရန် ကြိုးပမ်းနေပါကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က VOA မှ စီစဉ်ပေးသော တွေ့ဆုံမေးမြန်းသည့် အစီအစဉ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင်    နိုင်ငံခြားတက္ကသိုလ်များမှ   မြန်မာနိုင်ငံမှ   ပညာတော်သင်များ    လက်ခံသင်ကြားပေးခြင်း    ပြုသကဲ့သို့
မြန်မာနိုင်ငံသို့လာရောက်ကာ တက္ကသိုလ်ခွဲများ ဖွင့်လှစ်သင်ကြားမည်ဆိုပါက နေရာမှအစ စီစဉ်ပေးနိုင်မည်ဖြစ်သည်ဟုလည်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။

ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကလည်း ပညာရေး၊ ကျန်းမာရေးကဏ္ဍတို့နှင့် ပတ်သက်၍ နိုင်ငံတော်မှ ဘတ်ဂျက်များ တိုးမြှင့်ချထားပြီးဖြစ်သကဲ့သို့ Capacity Building အတွက်လည်း နိုင်ငံခြားမှ ပညာရှင်များကို ဖိတ်ခေါ်၍ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ပညာရေးနှင့် ကျန်းမာရေးအတွက် ပုဂ္ဂလိကကဏ္ဍများမှ ပိုမိုပါဝင်ဆောင်ရွက် လာနိုင်စေရန် ကိုလည်း အခြေအနေကောင်းတစ်ခုဖြစ်အောင် ဖန်တီးပေးနေကြောင်း VOA နှင့် အင်တာဗျူးတွင် ဖြေကြားခဲ့ပါသည်။

ယင်းကဲ့သို့  သမ္မတဦးသိန်းစိန်၏  အမေရိကန်ခရီးစဉ်တွင်  ပညာရေး၊  ကျန်းမာရေးနယ်ပယ်များအတွက်  ပြုပြင်ပြောင်း
လဲရေးများကို နိုင်ငံတော်အဆင့်မှ ဆောင်ရွက်နေသည်များအား ရပ်ခံတင်ပြဖြေကြားခြင်းများ ပြုလုပ်နေ သော်လည်း ပြည်တွင်းရှိ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတွင်း ဝန်ထမ်းများကြားတွင်မူ ရာထူးတိုးကိစ္စများ၊ နေရာပြောင်းရွှေ့ကိစ္စများနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ရှိနေခဲ့ကြောင်း လူမှုကွန်ယက်စာမျက်နှာများမှ ဖော်ပြချက်များအရ သိရသည်။

No comments:

Post a Comment