Thursday, May 9, 2013

တပ်မတော်မှ လူ့အခွင့်အရေးချိုးဖောက်လျက်ရှိကြောင်း ပလောင်အဖွဲ့များမှ ထုတ်ပြန်ကြေညာ

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း၌ တပ်မတော်နှင့် ရှမ်းမြောက်လက်နက်ကိုင်အဖွဲ့(SSA)တို့ တိုက်ပွဲများဖြစ်ပွားရာတွင် တပ်မတော်မှ ဒေသခံပလောင်လူမျိုးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်လျက် ရှိကြောင်း ပလောင် အမျိုးသမီးအစည်းအရုံး(PWO)၊ ပလောင်(တအောင်း)ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(TSYO) အဖွဲ့များ ပါဝင်သည့် ပလောင်အဖွဲ့များက ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် အစိုးရ၏တပ်မတော်အနေဖြင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားရာတွင် ဒေသခံများအပေါ် ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ ပေါ်တာဆွဲခြင်းနှင့် အဓမ္မပြုကျင့်ခြင်း တို့ကိုပြုလုပ်၍ လူ့အခွင့်အရေးချိုးဖောက်မှု များပြုလုပ်လျက်ရှိသည့်အတွက် ဒေသခံအများစုမှာ ဒုက္ခသည်များအဖြစ် စစ်ဘေးရှောင် ဒုက္ခသည်စခန်းများတွင် ခိုလှုံရလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လပိုင်းနှင့်  ဧပြီလပိုင်းများတွင် အဆိုပါအဖွဲ့များက ရှမ်းပြည်နယ်အတွင်း  ကွင်းလေ့လာမှုများ ပြုလုပ်ခဲ့
ရာတွင် ဧပြီလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် တပ်မတော်ခြေလျင်တပ်ရင်း ခလရ(၅၀၂)မှ မန်တုံမြို့နယ်၊ ရေပုံးကျေးရွာရှိ အိမ်ထောင်သည်  အမျိုးသမီးနှစ်ဦးအား   အဓမ္မပြုကျင့်မှုများပြုလုပ်ခဲ့သည့်အပြင် မတ်လ ၂၆ ရက်နေ့၌ ခမရ (၄၁) တပ်ရင်းမှ
ကောင်းဆိုင်းကျေးရွာရှိ ရွာသား ၅ ဦးအား လမ်းပြအဖြစ်ပေါ်တာဆွဲရာတွင် မိုင်းထိ၍ ၂ ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း သိရသည်။

ထို့ပြင် အစိုးရ၏တပ်မတော်(၅၀၁)တပ်ရင်းမှ တပ်စခန်းသစ်တည်ဆောက်ရာတွင် ကျောက်မဲမြို့နယ်၊ ခွာန်ခါကျေးရွာမှ ရွာသူရွာသားများကို ဧပြီလ ၁၂ ရက်နေ့တွင် တပ်မတော်မှအဓမ္မလုပ်အားပေး စေခိုင်းမှုများပြုလုပ်သကဲ့သို့ ကွတ်ခိုင်မြို့နယ် လွယ်စရန်းရွာသား ၅ ဦးနှင့် ရွာလူကြီးအား ဖမ်းဆီးနှိပ်စက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း အစိုးရတပ်မတော်၏  လူ့အခွင့်အရေးချိုးဖောက်နေမှု  အခြေအနေ
များအား အရေးယူပေးရန်  စစ်တမ်းကောက်ယူလျက်ရှိသည့်  အဖွဲ့များမှ မြန်မာနိုင်ငံအမျိုးသား   လူ့အခွင့်အရေးကော်မရှင်
အပါအဝင် နိုင်ငံတော်သမ္မတရုံးနှင့် အခြားသက်ဆိုင်ရာအစိုးရအဖွဲ့များ၊ နိုင်ငံရေးပါတီကြီးများထံသို့
ပေးပို့တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment