Thursday, May 9, 2013

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးပပျောက်ရေး ရည်မှန်းချက် ငါးနှစ်ထပ်မံ သက်တမ်းတိုး

မြန်မာနိုင်ငံအတွင်း  မူးယစ်ဆေးဝါးကင်းစင်ရေးလုပ်ငန်းစဉ်များကို  နိုင်ငံတော်မှ  လုပ်ဆောင်လျက် ရှိသော်လည်း
နိုင်ငံတွင်း ဘိန်းထုတ်လုပ်မှုနှင့် ဘိန်းဖြူဖြန့်ဖြူး ရောင်းချမှုပြဿနာများအပြင် စိတ်ကြွဆေး ဝါး ရောင်းဝယ်မှုများ တိုးမြှင့်လာခြင်းစသည့် စိန်ခေါ်မှုအသစ်များကြောင့် မူးယစ်ဆေးဝါး ပပျောက်ရေး ရည်မှန်းချက် ကို နောက်ထပ် ငါးနှစ်သက်တမ်းတိုးမြှင့်၍ ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း မေလ ၆ ရက်နေ့က ရန်ကုန်မြို့တွင်ကျင်းပခဲ့သည့် အကြိမ် ၂၀ မြောက် ခြောက်နိုင်ငံပူးတွဲ  မူးယစ်ဆေးဝါးထိန်းချုပ်ရေး  ပူးပေါင်းဆောင်ရွက်ရန်   သဘောတူလက်မှတ်ရေးထိုးပွဲတွင် မြန်
မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဒုရဲချုပ် ဦးဇော်ဝင်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုကို လျော့ချနိုင်ခဲ့သော်လည်း စိတ်ကြွဆေးများနှင့် စိတ်ပြောင်းမူးယစ်ဆေး အသစ်များမှ နိုင်ငံအတွင်း  မူးယစ်ဆေးပပျောက်ရေးဆောင်ရွက်ရာတွင်  အတားအဆီးနှင့် ခြိမ်းခြောက်မှုများကို  ဖြစ်ပေါ်လာ
စေသောကြောင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗဟိုအဖွဲ့အနေဖြင့် ယခုကဲ့သို့ သက်တမ်းတိုးမြှင့်၍ မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ထို့ကြောင့်  အဆိုပါ  ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက်  မဟာဗျူဟာအသစ်များ ချမှတ်ရန်နှင့်  လိုအပ်သည့်
ပြင်ဆင်မှုများ ပြုလုပ်ရန် ပြန်လည်သုံးသပ်မှုများ ဆောင်ရွက်လျှက်ရှိကာ တစ်နိုင်ငံလုံး မူးယစ်ဆေးဝါး ကင်းစင် ပပျောက် ရေးအတွက် ၁၉၉၉ ခုနှစ်မှ စတင်၍ ၂၀၁၄ ခုနှစ်အထိ ၁၅ နှစ်တာ စီမံကိန်းကို ရေးဆွဲခဲ့ပြီး အဆိုပါကာလအတွင်း ဘိန်းစိုက်ပျိုးမှုဧရိယာကို စတုရန်းမီတာ ၁၀၈,၀၀၀ မှ ၂၁,၀၀၀ အထိလျှော့ချနိုင်ခဲ့သော် လည်း ၂၀၀၇ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုပြန်လည်မြှင့်တက်လာခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်ကုန်ကူးခြင်း  ပြဿနာများသည် မြန်မာနိုင်ငံ  နယ်စပ်ဒေသ
များတွင်  တည်ငြိမ်မှုမရှိခြင်း၊   လုံခြုံမှုမရှိခြင်းနှင့်  ပြည်တွင်းသောင်းကျန်းမှုနှင့်  ဆက်စပ်မှုရှိနေသော   ကြောင့် မူးယစ်ဆေး
ဝါးပြဿနာများကို  ကိုင်တွယ်ဆောင်ရွက်နေရသည့်  ဌာနအနေဖြင့် စိန်ခေါ်မှုများနှင့်  ရင်ဆိုင်နေရကြောင်း ၎င်းကပြော
ကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံများသည် ဘိန်းဖြန့်ဖြူးရောင်းချမှု၏ အဓိကဒေသများဖြစ်ခဲ့ပြီး ၁၇ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့ကြောင်း ကုလသမဂ္ဂ၏ ၂၀၁၂ ခုနှစ် အရှေ့တောင်အာရှနိုင်ငံအတွင်း မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ ၏ ဘိန်းစိုက်ပျိုးမှုနှင့် ပတ်သက်သည့်အစီရင်ခံစာများတွင် ဖော်ပြထားကြောင်း သိရသည်။

တိုင်းရင်းသားများအရေးနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဘိန်းထုတ်လုပ်မှုပပျောက်ရေးလုပ်ငန်းများ ထိရောက်မှု မရှိသည့်အတွက် ဈေးကွက်တွင် စိတ်ကြွဆေးဝါးများ ထွက်ပေါ်လာရခြင်းဖြစ်သည်ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
အရှေ့တောင်အာရှဒေသတွင် မြန်မာနိုင်ငံသည် အကြီးမားဆုံးဘိန်းစိုက်ပျိုးထုတ်လုပ်ရာဒေသဖြစ်ပြီး ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်နိုင်ငံ၏ နောက်က ဒုတိယလိုက်နေကြောင်း သိရှိရသည်။

No comments:

Post a Comment