Wednesday, May 22, 2013

KIA နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာနမ်ဘီးယား တက်ရောက်မည်

KIA  နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို  မေလ ၂၈ ရက်နေ့တွင် မြစ်ကြီးနားမြို့ ၌ တွေ့ဆုံဆွေးနွေးရန် သဘောတူညီမှုရရှိပြီးဖြစ်ပြီး အဆိုပါဆွေးနွေးပွဲသို့  ကမ္ဘာ့ကုလသမဂ္ဂ ( UN) အဖွဲ့မှ ကိုယ်စားလှယ် အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာနမ်ဘီးယား ၊ မစ္စပရိယမ်၊ လက်နက်ကိုင်တပ်ဖွဲ့ ၉ ဖွဲ့အပါအဝင်၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ သံမှူးကြီး Mr. Wang Zongying   နှင့် အဖွဲ့ဝင်နှစ်ဦးတို့ ဆွေးနွေးပွဲ တွင် ပါဝင်မည်ဖြစ်ကြောင်း  ကချင်ငြိမ်းချမ်းရေး ကိုယ်စား လှယ်များ၏ပြောကြားချက်အရ သိရသည်။

ယင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ယခင်သဘောတူညီထားသောလုပ်ငန်းစဉ်အချက်များအပြင် နိုင်ငံရေး အကြောင်း အရာများကိုပါ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ဦးလမိုင်ဂွမ်ဂျာက ပြောကြားခဲ့သည်။

KIA  တပ်မဟာ (၂) တပ်ရင်း(၆) မှ တပ်ရင်းမှူး ဗိုလ်မှူးကြီးဇော်ဒွဲ ကလည်းက ချင်းငြိမ်းချမ်းရေး အတွက် ဆွေးနွေးနေစဉ် တိုက်ပွဲများကြောင့် ဆွေးနွေးပွဲဖျက်သိမ်းလိုက်ခြင်းများ အကြိမ်မြောက်များစွာ ဖြစ်ပေါ်ခဲ့ပြီး    ကမ္ဘာ့ကုလ သမဂ္ဂ ( UN ) ၊        US ၊        UK အဖွဲ့ တို့အပြင်  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ စစ်ရေးနှင့်နိုင်ငံရေးနားလည် တက်ကျွမ်းသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးသူရရွှေမန်း တို့ပါဝင်လာခြင်းဖြင့် ဆွေးနွေးပွဲကို အမြန်ဆုံး အဆုံးသတ်သွားနိုင်မည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာငြိမ်းချမ်းရေးစင်တာ ( Myanmar Peace Center )မှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးကလည်း ယခုကျင်းပမည့် မေလ ၂၈ ရက်နေ့ မြစ်ကြီးနားမြို့ ၌ အစိုးရနှင့် ကေအိုင်အိုအဖွဲ့ဆွေးနွေးပွဲကို မူအားဖြင့်နှစ်ဦး သဘောတူညီ ချက် ရရှိနေပြီးဖြစ်သောကြောင့် ယင်းဆွေးနွေးပွဲ အတွက် သွားလာရေးအဆင်ပြေမှုရှိအောင် စီစဉ်ဆောင်ရွက်ပြီး ပါကသတင်း အသေးစိတ် အချက်အလက်ကို အတည်ပြု ထုတ်ပြန်ကြေငြာ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ KIA  နှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့၏ ဆွေးနွေးပွဲအတွက် ဆွေးနွေးပွဲ ကျင်းပရန် ခန်းမပြင်ဆင်ပေးရေးကိုလည်း  မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးတေဇထူထောင် ထားသော ထူးကုမ္ပဏီလုပ်ငန်းအုပ်စု ကမြစ်ကြီးနားမြို့ရှိ မနောကွင်း မဂျွယ်အစည်းအဝေး ခန်းမကို ကျပ်သိန်း တစ်ထောင် ကျော် အကုန်အကျခံပြီး ပံ့ပိုးပေးရန်ရှိကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောကြားချက် အားဖြင့် သိရသည်။

No comments:

Post a Comment